Thursday, October 16, 2008

ပြောပြမယ် .....

ပြောပြမယ် ... သူငယ်ချင်းတွေအားလုံးကို ...။
ငြိမ်နေတယ်ဆိုပြီး မရေးတော့ဘူးမထင်နဲ့နော် ....။ ရေးဖို့ အရှိန်ယူနေတာ ..။
ဟဲ ဟဲ ဟဲ ...။

Read More...

Monday, September 8, 2008

မွေးမြူရေးသမား သားစိုး

သားစိုးက တရိစ္ဆာန်လေးတွေကို ချစ်တတ်တာ .. မွေးမြူတတ်တာ အခုမှမဟုတ်ဘူး ...ငယ်ငယ်လေးကတည်းက ။ ငယ်ငယ်ကဆို ဘာအကောင်ပလောင်လေးတွေပဲရရ အကုန်လုံးကို အိမ်မှာမွေးထားတာ ...။ ခွေးတွေဆိုလည်း လမ်းဘေးကခွေဝဲစားကအစ သနားလို့ဆိုပြီး အိမ်ခေါ်မွေးထားတာလေ ... အိမ်မှာဆို ခွေးတွေမှ အများကြီး ။ အဲ့ဒီခွေးတွေက အိမ်နားက ဖြတ်သွားတဲ့လူတွေကို ကိုက်လို့ ဆေးဖိုးပေးရတာလဲ ခဏခဏပဲ ....။ အဲ့ဒီ ခွေးတွေမွေးလို့ သားစိုးကို အဒေါ်က မြည်တွန်းတောက်တီးလုပ်တာလဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပါပဲ ...။
သားစိုးမွေးတဲ့အထဲမှာ အဒေါ်စျေးကဝယ်ဝယ်လာတဲ့ ငါးအရှင်လေးတွေ ... ပုစွန်အရှင်လေးတွေတောင်ပါသေးတယ် ..။ အဒေါ်က စျေးကနေ ငါးအရှင်လေးတွေ ဝယ်လာတဲ့နေ့ဆို အဒေါ်မသိအောင် ငါးလေးတွေကို ယူယူပြီး အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီ အကုန်ရှိရှိသမျှ လိုက်ထည့်မွေးတာပဲ ...။ အဒေါ်ငါးအရှင် ပုစွန်အရှင်လေးတွေ ဝယ်လာတိုင်းမွေးထားလိုက်တာ .... ရေအိုးတွေ ရေတိုင်ကီတွေမှာ ရေနည်းသွားပြီဆိုရင် ရေခပ် မသုံးလေနဲ့ . . ငါး မဟုတ်ရင် ပုစွန် .. တစ်ကောင် မဟုတ် တစ်ကောင်တော့ ပါလာစမြဲပဲ ...။ အဲ့ဒီတော့ သားစိုးကို အဒေါ်က အမိန့်တစ်ခုထုတ်တယ်ဗျ ...။ အိမ်ရှေ့ အိမ်နောက် ဘယ်ရေအိုး ဘယ်ရေတိုင်ကီမှာမှ ငါးထည့်မမွေးရဘူးတဲ့ ..။ အိမ်ရှေ့ အိမ်နောက်ဆိုတော့ သားစိုးလည်း အဲ့ဒါတွေနဲ့ လွတ်အောင်စဉ်းစားရတော့တာပေါ့လေ ...။ မွေးချင်တဲ့ ၀ါသနာကလည်း ဖျောက်လို့မှ မရကိုးဗျ ...။
ဒါပေမယ့် အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီတွေမှာတော့ ငါးတွေ မတွေ့ရတော့ပါဘူး ... အဒေါ်တို့ကတော့ ကျေနပ်နေတာပေါ့ ... ရေကို သူ့စိတ်ကြိုက်သုံးလို့ရပြီဆိုတော့လေ ...။
အဲ့ .... သိပ်မကြာလိုက်ပါဘူး ... အိမ်ကိုလာတဲ့ ဧည့်သည်တစ်ယောက် သောက်ရေအိုးကရေကို ခပ်သောက်လိုက်တာ ငါးရံ့တစ်ကောင်ပါလာလို့ သားစိုးတို့ ကြောပြင်ဗျောတင်ခံလိုက်သဗျာ ....။ အဲ့ဒီတုန်းကဆိုရင် အဒေါ်ကရော ဦးလေးကပါ (၂)ယောက်ပေါင်းပြီး တီးတာ ... ။ ငါးကို ၀ါးစားမိတဲ့ ဧည့်သည်က ဝင်ဆွဲပေလို့ပေါ့ဗျာ ...။ သားစိုးတို့ဆို (၁)ပတ် (၂)လောက် ကောင်းကောင်း မထိုင်နိုင်ဘူး ..။ ဖင်နဲ့ ခြေသလုံးမှာ အချိုးရာတွေပြည့်နေလို့လေ...။ အဲ့သလိုကို မွေးမြူရေးကို ၀ါသနာပါတာ ... ။

Read More...

Friday, September 5, 2008

သားစိုးလည်း မိုးခါးရေ သောက်ရပြီ

ဟိုးရှေးရှေးတုန်းက အရမ်းကိုချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တစ်ပြည်မှာ ဗေဒင်နက္ခက်ပညာမှာ အရမ်းတော်တဲ့ ပညာရှိကြီးတစ်ပါးရှိသတဲ့..။ တစ်နေ့မှာ ပညာရှိကြီးက ကောင်းကင်က နက္ခက်တာရာတွေကို ကြည့်ပြီး မကြာခင်မှာ အဲ့ဒီတိုင်းပြည်မှာ မိုးခါးတွေရွာကျမယ် .. အဲ့ဒီမိုးခါးရေကို သောက်မိတဲ့သူတွေက ရူးသွပ်လိမ့်မယ်ဆိုတာကို သိလိုက်သတဲ့ ...။ ဒါနဲ့ပဲ .. မဖြစ်ချေဘူးဟဆိုပြီး ဘုရင်ကြီးကို အလျင်အမြန်ပဲ သံတော်ဦးတင်လိုက်သတဲ့...။ အဲ့ဒီအကြောင်းကို ကြားတယ်ဆိုတာနဲ့ပဲ ဘုရင်ကြီးက သူများတွေလိုမရူးရအောင် ဘယ်လိုလုပ်ရမလဲလို့ မေးသတဲ့..။ အမတ်ကြီးက ... မိုးခါးရေကို မသောက်မိအောင်ကြိုတင်စီမံထားမယ်ဆိုရင် မရူးတော့ပါဘူးဘုရားလို့ လျှောက်တင်သတဲ့ ..။ ဘုရင်ကြီးလည်း အမတ်ကြီးကို သူတို့နှစ်ဦးအတွက် ရေချိုတွေ အလုံအလောက် ကြိုတင်စုဆောင်းထားခိုင်းသတဲ့ ...။
ဒီလိုနဲ့ အမတ်ကြီး ဟောတဲ့အတိုင်းပဲ တိုင်းပြည်မှာ မိုးခါးတွေရွာ...အဲ့ဒီမိုးခါရေကို သောက်မိလို့ ရူးလိုက်ကြတာ... တစ်တိုင်းတစ်ပြည်လုံး ရူးကုန်ကြသတဲ့...။ မရူးတာဆိုလို့ ဘုရင်ကြီးနဲ့ အမတ်ကြီးပဲ ကျန်တော့သတဲ့..။ ဒါပေမယ့် ရူးနေကြတဲ့ တိုင်းသူပြည်သားတွေက သူတို့ကိုယ်သူတို့ ရူးနေကြမှန်းမသိကြပဲ ...တိုင်းပြည်မှာ ဘုရင်ကြီးနဲ့ အမတ်ကြီးတော့ ရူးနေကြပြီလို့ ထင်ကြပြီး ... ဘုရင်ကြီးကို ထီးနန်းကစွန့်ဖို့ ..အမတ်ကြီးကိုလည်း တိုင်းပြည်ကနှင်ဖို့ ရွှေမြို့တော် ဟစ်တိုင်မှာ စုဝေးပြီး အော်ဟစ်ကြသတဲ့ ...။
နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို ရူးနေတဲ့ တိုင်းသူပြည်သားတွေက အရူးလို့ပြောပြီး တိုင်းပြည်ကနှင်ခံရမှာကို စိုးတဲ့အတွက် ဘုရင်ကြီးနဲ့ အမတ်ကြီးတို့ဟာ ရေချိုတွေကို မသောက်တော့ပဲ မိုးခါးရေတွေကို သောက်လိုက်ရသတဲ့...။ အဲ့ဒီအခါကြမှ တိုင်းသူပြည်သားတွေက ဘုရင်ကြီးနဲ့ အမတ်ကြီး ပြန်ကောင်းလာကြတယ်လို့ ထင်ပြီး ဝမ်းသာပျော်မြူးလို့နေကာ တစ်တိုင်းတစ်ပြည်လို့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြသတဲ့ ....။
-------------------------------------------------------------
အင်း ... သားစိုးလည်း ပုံပြင်လေးထဲကအတိုင်းပဲ မမယ်အိက အတင်းလာတိုက်လို့ ဘလော့ဂ်တိုင်းပြည်မှာရွာသွားတဲ့ မိုးခါးရေကို သောက်လိုက်ပါပြီဗျာ ... :P ... ။

ကိုယ့်နာမည် -------- သားစိုး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ----------- သားစိုး၊ ကိုသားစိုး၊ ဦးသားစိုး၊ အရူးကြီး၊ အပျင်းကြီး .... (ချစ်သူကတော့ -- ကိုကို လို့ ခေါ်တာပေါ့နော် .. ဟီး ဟီး ..)
ဒီမှာနေတယ် ------------ အခန်းထဲမှာ (ပေတူးနဲ့ ဟိုဘက်လှောင်အိမ်နဲ့ ဒီဘက် ကုတင်နေတယ်)
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ----------- ပိုက်ဆံစုထား ...ဖုန်းခက စျေးကြီးတယ် ... :P
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် ---------- မိုးပြာရောင်
အဝတ်အစားဆိုရင် --------- ကိုယ့်ဟာကိုယ် ဝယ်ဝတ်ရရင် စျေးသက်သာတာကိုကြိုက်တယ် ။ အိမ်ကဝယ်ပေးမယ်ဆိုရင် စျေးကြီးတာကို ကြိုက်တယ် ... :P
အစားအစာဆိုရင် ---------- စားလို့ကောင်းတာမှန်သမျှ အကုန်။
ပစ္စည်းဆိုရင် --------- ဒိုင်ယာရီစာအုပ်ကောင်းကောင်းလှလှလေးနဲ့ ဘောလ်ပင်ကောင်းကောင်းလှလှလေးတွေ...။
သီချင်းဆိုရင် -------- စိတ်ထဲမှာ ခံစားလို့ရတဲ့သီချင်းအကုန်...။
စာရေးဆရာ --------- ဦးနု၊ ဖေမြင့်၊ ချစ်နိုင်၊ နီကိုရဲ၊ တာရာမင်းဝေ....။ (လွန်းထားထားဆို လုံးဝမကြိုက် ... ယောကျ်ားမကောင်းကြောင်း မိန်းမကောင်းကြောင်းတွေပဲရေးလို့ ... :P )
စာအုပ် ---------- မိတ္တဗလဋီကာ ( ဟီး ဟီး ..အဲ့ဒီစာအုပ်ဖတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းလိမ့်လေမယ်လို့တော့ မထင်နဲ့ ... သိချင် မမယ်အိကို မေးကြည့်..)
Life style -------- အေးဆေးတည်ငြိမ်လွတ်လပ်ပြီး သီးသီးသန့်သန့်ဘဝမျိုး ...။
ကိုယ့်ရဲ့ဝါသနာ -------- သစ်ပင်စိုက်ခြင်း ။
အလိုချင်ဆုံးလက်ဆောင် ------ စဉ်းစားထားတာ မရှိသေးဘူး ...။
ကိုယ့်ရဲ့ အချစ်ဆုံးသူက --------- ကိုယ့်ရဲ့ချစ်သူ ။
ကိုယ့်ရဲ့ အလေးစားဆုံးသူက --------- အဖေ ..ပြီးရင် ကိုယ့်ကိုယ်ကို .. :P ..။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --------- ကျောင်းသားဝဘတုန်းက ဆိုးဖော် ဆိုးဖက်များ ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက -------- မရှိသေးဘူးထင်တာပဲ ... :P
ကိုယ့်ရဲ့ အမုန်းဆုံးသူက --------- ဒါလည်းရှိသေးဘူး ...။
ရင်အခုန်ရဆုံးအချိန် -------- ချစ်သူမိဘတွေနဲ့ ပထမဆုံးတွေ့ရတဲ့နေ့ ။
အကြောက်ဆုံးအချိန် -------- အီးပါလို့ မရပဲ ဝမ်းချုပ်ပြီးသေရမှာကို အကြောက်ဆုံးပဲ ..ဟီ ဟီး ။
အပျော်ဆုံးအချိန် --------- ချစ်သူနဲ့ ပထမဆုံးတွေ့ရတဲ့အချိန်။
အမှတ်တရနေ့ ---------- Second Year တုန်းက ညလုံးပေါက် အရက်သောက်ပြီး နောက်တစ်နေ့မှာ တစ်နေကုန်အန်ခဲ့ရတဲ့နေ့ ...။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု -------- မိန်းမ မြန်မြန်ရရပါလို၏ ... ဟီ ဟီး ။
အချစ်ဆိုတာ -------- အချစ်ဆိုသည်မှာ လူ့လောကရဲ့ အဆန်းကြယ်ဆုံးသောကဗျာ ...။
အမုန်းဆိုတာ -------- နှလုံးသားရဲ့ ဆန့်ကျင်ဘက်တစ်ခု ...။
အလွမ်းဆိုတာ -------- သောကရဲ့ ခြေရာ ..။
သံယောဇဉ်ဆိုတာ --------- ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု ...။ ( ဟီး ဟီး ..သီချင်းစာသားတွေချည်းပဲ ..)
ဘဝဆိုတာ ------- ရုန်းကန်ခြင်း ။
သူငယ်ချင်းဆိုတာ -------- အမေမွေးတာမဟုတ်တဲ့ ညီအစ်ကိုမောင်နှမ..။
ချစ်သူဆိုတာ --------- ကမ္ဘာဦးတုန်းပျောက်သွားလို့ လိုက်ရှာနေရတဲ့ ကိုယ့်ရဲ့ ကျန်တဲ့အပိုင်း တစ်ပိုင်း ။
ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် -------- အရမ်းထုံတာပဲ ..။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --------- (လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အလုပ်ပါပဲ)

အပြောချင်ဆုံးစကားတစ်ခွန်း ------- စဉ်းစားနေတုန်း ... နောက်မှ ပြောပြမယ် ... :P

Read More...

Thursday, September 4, 2008

စကားပုံထဲမှာ မောင့်ကို မထားခဲ့ပါနဲ့ . . .

ကိုယ်ကချိန်လိုက် ပါသွားလိုက် ... ကိုယ်ကကြိုက်လိုက် လင်နောက်လိုက် .... ဆိုတဲ့ စကားပုံက သားစိုးအတွက်များ တမင်သက်သက်ပြောခဲ့တာများလားမသိ ...။ သားစိုးတို့များ သစ်ရွက်ကလေးတွေကြွေရင် ရင်ခုန်တတ်တဲ့အရွယ်ကစလို့ အခုအချိန်အထိ အဲ့ဒီစကားပုံထဲကကို ရုန်းမထွက်နိုင်ဘူး ...။

သားစိုး ပိုးခဲ့ပန်းခဲ့တဲ့ ကောင်မလေးတွေကို ပြန်ရေတွက်ကြည့်ရင် မနည်းမနောပါပဲ ..။ ဟီး ဟီး.. သားစိုးကို ပြန်ကြိုက်တဲ့ ကောင်မလေးကတော့ အခုလက်ရှိ ချစ်သူလေးတစ်ယောက်ပဲ ရှိမယ်ထင်တယ် ...။ အဲ့ဒီလိုကို စွံတာ ...။
၁။ သားစိုး(၈)တန်းနှစ်တုန်းက အတန်းထဲမှာ သားစိုးချိန်နေတဲ့ ကောင်မလေးကို သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက အလစ်သုတ်သွားတာက (၁)ခါ ....။
၂။ သားစိုး(၉)တန်းရောက်တော့ အရာရှိသမီးတစ်ယောက်ကို သူများတွေနဲ့ အတူတူ သူ့ခုံထဲစာသွားထည့်တာ ကျန်တဲ့ သူတွေဘာမှ မဖြစ်ပဲ သားစိုးတစ်ယောက်တည်းပဲ ကံကောင်းထောက်မစွာ ကျောင်းအထုတ်ခံရမလိုဖြစ်တာက (၁)ကြိမ် ...။ နောက်နှစ်ကျတော့ အဲ့ဒီကောင်မလေးကို သူ့အိမ်က သားစိုးတို့ကျောင်းမှာ မထားတော့ဘူးဗျာ ...။
၃။ (၁၀)တန်း နှစ်စမှာ သားစိုးကြိုက်တဲ့ သူငယ်ချင်းကောင်မလေးကိုလည်း အဆင်ပြေမလို ဖြစ်ခါနီးမှ သူတို့ အိမ်နားက အကိုကြီးတစ်ယောက်က ဖြတ်ခုတ်သွားတာက (၁)ကြိမ်....။
၄။ (၁၀)တန်းဖြေပြီးတော့ သားစိုးထက်(၁)နှစ်ကြီးတဲ့ မမတစ်ယောက်ကို ကြိုက်မိလိုက်သေးတယ် ... နည်းနည်းတော့ အဆင်ပြေမလိုလိုနဲ့ ... ရီးစားတွေ ဖြစ်တော့ မလိုလို ဘာလိုလိုနဲ့ပါပဲ .. သူ့မိဘတွေက အဲ့ဒီမမကို ပြောတယ်တဲ့ဗျာ ။ မမက သားစိုးကို ပြန်ပြောပြတာ ..( သမီးတဲ့ ... အမေတို့က သမတ်ကို နို့တိုက်မမွေးချင်ဘူးတဲ့ .. ဟီး ဟီး .. သားစိုးကလည်း ပြန်ပြောလိုက်ပါတယ် .. ယောက်ခမ နို့တော့ မဆို့ချင်ပါဘူးလို့ သူ့သမီးနို့ဆိုတော်သေးလို့ ... ) အဲ့လို့ပြောပြီး နောက်တစ်လလောက်အကြာမှာ သားစိုးလည်း တခြားမြို့တစ်မြို့မှာ တက္ကသိုလ်သွားတက်ရတယ် ..။ သိပ်မကြာပါဘူး အဲ့ဒီမမဆီကနေ သားစိုးဆီစာရောက်လာတယ် ... အမေတို့ စိတ်ချမ်းသားအောင် အိမ်ကပေးစားတဲ့လူနဲ့ လက်ထပ်လိုက်ပြီတဲ့ ....။ အခုဆို အဲ့ဒီ မမသာ ယောကျ်ား(၂)ယောက်လောက်ယူပြီးသွားတယ် သားစိုးတို့ကတော့ မိန်းမတစ်ယောက်တောင် ရအောင်မယူနိုင်သေးဘူး ... ။
၅။ ဘွဲ့ရပြီးတော့ သားစိုးရဲ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတစ်ယောက်နဲ့ နှစ်ဘက်မိဘတွေ သဘောတူလို့ မိန်းမရတော့မလိုလို ဘာလိုလိုတောင်ဖြစ်လိုက်သေး...။ အဲ့လိုဖြစ်ပြီး ဘာများကြာလိုက်လို့တုန်း ..အဲ့ဒီသူငယ်ချင်းမလေးလည်း လင်နောက်လိုက်သွားပါရောလား ...။ ဟီး ဟီး ... နှလုံးလမ်းကြောင်းမှာ ကျွန်းများခံနေသလား မသိဘူးနော်...။
၆။ အလုပ်တွေဘာတွေရပြီးတော့ ကောင်မလေးတစ်ယောက်ကို တော်တော်လေး ကြိုက်ဖူးလိုက်တယ် ...။ အဲ့ဒီကောင်မလေးလည်း ထုံးစံအတိုင်းပါပဲ ... သူများနောက်ပါသွားပြီ။ စွံတာ စွံတာ ... ။
အခုလား .... ဒီတစ်ယောက်လေးပဲ သားစိုးကို ပြန်ကြိုက်လို့ လူလူသူသူ ရီးစားလေးတစ်ယောက်တော့ ရထားပြီးပြီဗျ ... ဟဲ ဟဲ ဟဲ ။ ဒီရီးစားလေးသာ မကယ်ရင်တော့ သားစိုးတစ်ယောက် စကားပုံထဲက လူဖြစ်ရတော့မှာ အသေအချာပါပဲ ...။ ဒါကြောင့် သားစိုးက ချစ်သူလေးကို ခဏ ခဏပြောရတယ် ... စကားပုံထဲမှာတော့ မောင့်ကို မထားခဲ့ပါနဲ့လို့ .... ။

Read More...

Friday, August 29, 2008

သားစိုး၏ ပိုင်ဆိုင်မှုများ . . .

သားစိုးမှာလား ... ပိုင်ဆိုင်မှုတွေက အများကြီးမှ အများကြီးရှိတာပေါ့ဗျာ ....။
အားလုံးကမေးချင်ကြလိမ့်မယ် ...

တိုက်ကြီးလား ..? (၀ါး ဟား ဟား ) ၊
နောက်ဆုံးပေါ်ကားကြီးလား ...? (ဝူး ဟူး ဟူး) ၊
ဒေါ်လာတွေအများကြီးလား ...? (ဝီး ဟီး ဟီး) ၊
စီးပွားရေးလုပ်ငန်းကြီးတွေလား ...? (ဝဲ ဟဲ ဟဲ) ၊

ဒါဆို ..အမွေတွေ အများကြီးရစရာရှိတာလား ...? (အဟင့် အဟင့်) .... တစ်ခုမှကို မဟုတ်ဘူး....။

သားစိုးရဲ့ ပိုင်ဆိုင်မှုတွေက ဘာတွေလဲဆိုတော့ . . .  
၁။ အခန်းကို နေ့တိုင်းညစ်ပေအောင်ဖွပေးတဲ့ ပူး(Guinea Pigs )က (၁)ကောင်
၂။ ချစ်သူကိုသားစိုးကိုယ်စားစောင့်ရှောက်ပေးဖို့ ခွေးဘီလူး(Bulldog)က (၁)ကောင်
၃။ အခန်းထဲမှာစိုက်ထားတဲ့ အပင်က (၈)ပင်
၄။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့ Laptop က(၁)လုံး
၅။ လူဖြစ်ရတဲ့ဒုက္ခတွေကို အဓိပ္ပါယ်ရှိစေတဲ့ ချစ်သူချောချောလေးက(၁)ယောက်
၆။ လူရိုသေရှင်ရိုသေ တတ်ထားတဲ့ ပညာလေးက တစ်ပိုင်းတစ်စ

ကဲ ... သားစိုးမှာ ဘယ်လောက်တောင်မှ တန်ဘိုးရှိလှတဲ့ ပိုင်ဆိုင်မှုတွေလဲ .... သူများတွေအတွက်တော့ မသိဘူးဗျ ..။ သားစိုးအတွက်ကတော့ အဲ့ဒီပိုင်ဆိုင်မှုလေးတွေကို ပိုင်ဆိုင်ရလို့ လူဖြစ်ရကျိုးနပ်ပြီလို့တောင်ထင်မိတယ် ..... ။

Read More...

Wednesday, August 27, 2008

သားစိုးပြန်ရေးပြီ ........ ဘလော့ခ်

ဒီနေ့ကစ၍ သားစိုးဘလော့ခ်ကို ပြန်ပြီးစရေးပါတော့မယ် .....။
ယခင်ရက်ပိုင်းတွေတုန်းက ဘာလို့ ပို့စ်အသစ်မတင်တာလဲဆိုတဲ့ သားစိုးရဲ့ ပရိသတ်တွေအတွက် ဒီနေ့ကစပြီး ပို့စ်အသစ်တွေ ဖတ်ရတော့မှာပါလို့ သတင်းကောင်းပေးလိုက်ပါရစေဗျာ....။
July နဲ့ August လတွေမှာ သားစိုးပို့စ်အသစ်မရေးပဲ ခဏနားထားတာ အကြောင်း(၂)ချက် ရှိပါတယ် ....အဲ့ဒါတွေကတော့ .......

၁။ Summer Holiday ဖြစ်ခြင်းကြောင့် ........
သားစိုးတို့လို့ ကျောင်းသားတွေအတွက် နွေကျောင်းပိတ်ရက်ဆိုတာ အင်မတန်မှ အရေးပါလှတဲ့ အားလပ်ရက်ကြီးပါ..။ သင်ခန်းစာတွေကို အပတ်တကုတ်လေ့လာသင်ယူ၊ ကျက်မှတ်၊ လေ့လာ ... ပြီးတော့ နှစ်ကုန်စာမေးပွဲကြီးအတွက် အပြင်းအထန်ကြိုးစား ပြင်ဆင်ဖြေဆို .... စတာတွေကို စာသင်နှစ်တစ်ခုလုံး မနားတမ်းလုပ်ဆောင်ခဲ့ကြရပါတယ်...။ ဒါကြောင့် နောက်စာသင်နှစ် အတန်းအသစ်တက်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေတဲ့ ဦးနှောက်တွေကို ပြန်လည် လန်းဆန်းလာအောင် အနားပေးဖို့ လိုအပ်လာပါတယ် ...။ တနည်းအားဖြင့်ပြောရရင်တော့ ဒီရက်ပိုင်းတွေမှာ သားစိုးပို့စ်အသစ်မရေးတာဟာ မရေးချင်လို့မဟုတ်ပါဘူး... နွမ်းနယ်နေတဲ့ အတွေးကနေရလာမယ့် နွမ်းနယ်နေတဲ့ ပို့စ်တွေကိုဖတ်ပြီး သားစိုးရဲ့ ပရိသတ်တွေ စိတ်အမောအပြေပဲ နွမ်းနယ်သွားမှာစိုးလို့ပါ...။

၂။ ပိုမိုလေးနက်စေလိုခြင်းကြောင့် .....
သားစိုးက ဘလော့ခ်ကို အားမှရေးတယ် ဆိုတာမျိုးဖြစ်မှာစိုးလို့ပါ...။ အားလို့ ဘလော့ခ်ရေးတယ်ဆိုရင် ဘလော့ခ်လောက ကြီးမှာ (၁၀၉/၁၁၀) တွေတော်တော်များပါလားလို့ အများကထင်ကုန်ကြမှာပေါ့ ။ ဒါကြောင့် ကျောင်းတွေဖွင့်ချိန် ကျောင်းစာတွေနဲ့ မအားမလပ်တဲ့ကြားထဲကနေ ပို့စ်အသစ်တွေကို သားစိုးရေးမယ်ဆိုပြီး ဘလော်ဂါတွေရဲ့ ဂုဏ်ကို မြှင့်တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ နွေကျောင်းပိတ်ရက်မှာ ပို့စ်အသစ်မတင်တာပါ....။

ဟဲ . . . ဟဲ . . . ဟဲ . . . ဒီလောက်ဆိုရင် သားစိုးအပျင်းကျပြီး ပို့စ်အသစ်မရေးတာကို အကြောင်းပြချက်ပေးတာ လုံလောက်ပြီးထင်ပါရဲ့ နော် ... ။

Read More...

Wednesday, June 25, 2008

အကိုလို့ခေါ်ရင် စိတ်ဆိုးတယ် . . .

သားစိုးက (၁၀)တန်းကို တစ်နှစ်ထဲနဲ့ ကျောင်းနှစ်ကျောင်းပြောင်းတက်ပြီး သုံးကျောင်းမြောက်က စာစစ်ဌာနမှာ ဖြေပြီး(၁၀)တန်းအောင်လာတာ ...။ ဟဲ ဟဲ ဟဲ ... မျက်စိရှုပ်ကုန်ပြီထင်တယ် ...။

ဒီလိုဗျ ... သားစိုးက (၁၀)ကို နှစ်တဝက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမြို့ကနေ ... မြန်မာနိုင်ငံအောက်ပိုင်းမြို့ကို ကျောင်းပြောင်းလာရတာ ..။ ကျောင်းပြောင်းတဲ့အချိန်ကလည်း (၁၂)လပိုင်းလောက်မှဆိုတော့ (၁၀)တန်းဖြေခွင့်လက်မှတ်တွေ၊ ခုံနံပါတ်တွေတောင် ကျခါနီးနေပြီလေ ..။ ဒါပေမယ် .. သားစိုးကျောင်းပြောင်းရတော့ စာစစ်ဌာနပါပြန်ပြောင်းရတာပေါ့ ...။ အဲ့လိုစာစစ်ဌာနပြောင်းလိုက်ရတော့ သားစိုးရတဲ့ ခုံနံပါတ်က အဲ့ဒီမြို့ရဲ့ နောက်ဆုံးနီးပါးလောက် ခုံနံပါတ်ကိုရတယ် ...။ (၁၀)တန်းခုံနံပါတ်ပေးတာက အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းဖြေကျောင်းသားတွေပြီးမှ အပြင်ဖြေကျောင်းသားတွေကို ခုံနံပါတ်ပေးတာလေ ။ သားစိုးခုံနံပါတ်က အပြင်ဖြေကျောင်းသားတွေထက်တောင် နောက်ကျနေသေးတယ် ...။ အဲ့ဒီတော့ စာမေးပွဲခန်းထဲမှာ ကျောင်းဖြေကျောင်းသားဆိုလို့ သားစိုးတစ်ယောက်ပဲရှိတယ် ..။ ဖြေရတဲ့ နေရကလည်း အထက်ကျောင်းက စာစစ်ဌာနမှာ မဟုတ်ဘူးဗျ..။ အပြင်ဖြေတွေအတွက် ဖွင့်ပေးထားတဲ့ အလယ်တန်းကျောင်းက စာစစ်ဌာနမှာ...။ ကျန်တဲ့လူတွေက သားစိုးထက်အသက်ကြီးတဲ့ အပြင်ဖြေ နှစ်ကျသမားတွေလေ ..။ အချို့ဆို အသက်တော်တော်လေးကို ကြီးနေပြီ.. တချို့ဆို ကား Workshop အလုပ်ကနေတန်းပြီးလာဖြေကြတော့ Workshop ဝတ်စုံ ဆီတွေပေတူးတာတွေနဲ့ .. အချို့ ကောင်မလေးတွေကျတော့ ကိုယ်ဝန်တွေနဲ့ဗျ ..။ အားလုံးက သားစိုးထက်ကို (၃/၄)နှစ်လောက်ကို အသက်ကြီးတဲ့သူတွေချည်းပဲ..။
သားစိုးရဲ့ ခုံရှေ့မှာ ဖြေတဲ့လူက Workshop ကလူ.. သူကဆို စာမရရင် ညီလေး ပြပါဦး .. ညီလေးပြပါဦးနဲ့ ... သားစိုးကလည်း အခန်းစောင့် ဆရာလစ်ရင် ပြပေးပါတယ် ..။ အဲ့လောက် စိတ်မပုတ်ပါဘူး ..။
သားစိုးရဲ့ အနောက်က ခုံမှာ ဖြေတဲ့သူကကျတော့ မဗိုက်ဗျ ..။ သူကဆို သားစိုးဆီကနေ ခဏ ခဏကို စာမေးတာ ..။ သူကစာမေးရင် အကို အဲ့ဒီအပုဒ်ရလား ..အကို အကို ဆိုပြီး ခေါ်တာဗျ ...။ စဖြေတဲ့ နေ့တော့ ထားပါတော့ဗျာ ..။ မသိလို့ပေါ့ ..။ နောက်နေ့တွေကျတော့ စာမေးပွဲခန်းမဝင်ခင်မှာ ပြောပြထားတယ် .. အစ်မလို့ ကျွန်တော်က အခုမှ နှစ်တက်ကျောင်းသားပါလို့... ကျောင်းပြောင်းတာနောက်ကျလို့ အစ်မတို့နဲ့ အတူတူဖြေနေရတာလို့ .. ကျွန်တော့်ကို အကိုလို့ မခေါ်ပါနဲ့လို့ .. အစ်မတို့ထက် ကျွန်တော်က အသက်ငယ်ပါတယ်လို့ ပြောထားတယ် ..။
ဒါပေမယ့် စာမေးပွဲဖြေတော့ အကိုဆိုပြီး ခေါ်မေးတာပဲ ..။ မေးခွန်းတွေ မခက်တဲ့နေ့တော့ ပြသနာမရှိဘူးပေါ့ ..။ စာရတော့ စိတ်ကြည်နေတော့ သူမရတာတွေဆိုပြပေးပါတယ် ..။ စာမရတဲ့နေ့ကျတော့ စိတ်ကမကြည်ဘူးဗျ ..။ အဲ့ဒီကြားထဲ စာက ခဏခဏ လာလာမေးနေတာ ..။ သားစိုးကလည်း စိတ်တိုတိုနဲ့ .. အစ်မတို့ အရင်နှစ်တွေကတည်းက ဒီစာတွေ မကျက်ခဲ့ရဘူလားလို့ ... မကျက်ရသေးရင်လည်း နောက်နှစ်မှ ထပ်ပြီးကျက်တော့လို့ ..။ ကျွန်တော်တော့ အဲ့ဒီပုဒ်စာကို မရလို့ တခြားဟာဖြေတာဆိုပြီးပြောလိုက်တယ် ...။
ဟဲ . ဟဲ .. နောက်နေ့တွေကျတော့ အဲ့ဒီ အစ်မကြီး လေသံပြောင်းလာတယ်ဗျ ...။ စာမေးရင် မောင်လေး အဲ့ဒီ အပုဒ်ရလား ဖြစ်သွားရောဗျ ...။
အဲ့ဒီလိုဗျ ... သားစိုးထက်ကြီးတဲ့လူက သားစိုးကို အကိုလို့ ခေါ်ရင် အရမ်းစိတ်ဆိုးတာ ... ။

Read More...

Tuesday, June 24, 2008

သားစိုးသိတဲ့ ချစ်ဒုက္ခ

အချစ်ငရဲ (၂)မျိုး
၁။ ချစ်သူနဲ့ အတူမနေရခြင်း
၂။ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း

အချစ်ဒုက္ခ (၂)မျိုး
၁။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်ခြင်း
၂။ ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုလာချစ်နေခြင်း

-----------------------------------------------------------

စိတ်ကူးတည့်ရာတွေ ရေးထားတာ ...။ ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ကြုံမှပဲ သိတော့မှာပဲ ... ဟဲ ဟဲ ဟဲ ။

Read More...

Monday, June 9, 2008

မခွဲနိုင် မခွာရက်သောကြောင့်

ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍​ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ...တဲ့ ..။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ ... ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး..။ အင်း .... သားစိုးလဲ အသက်က (၂၈)နှစ်ကျော်လို့ (၂၉)ထဲတောင်ရောက်နေ ပြီဆိုတော့ သတိရတမ်းတရတော့မယ့် အရွယ်ရောက်နေပြီလား မသိပါဘူး...။ တစ်ခါ တစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်ပြန်သတိရနေတယ်..။

သားစိုးကို သူငယ်တန်းစပြီးထားတုန်းက သားစိုးတို့ အိမ်နီးနားချင်းက ကောင်မလေးတစ်ယောက်ကိုပါ သားစိုးနဲ့ အတူတူ သူငယ်တန်းလိုက်အပ်တယ် ...။ သူ့မှာက ကျောင်းသွားဖို့ အဖော်မရှိ.. သူ့အိမ်ကလည်း ကျောင်းကို လိုက်မပို့ပေးနိုင်ဆိုတော့ သားစိုးကို သားစိုးအဒေါ်က ကျောင်းလိုက်ပို့ရင် အဲ့ဒီကောင်မလေးကိုပါ အဒေါ်က ကျောင်းကိုခေါ်သွားပေးရတာ..။ ကျောင်းကနေပြန်ရင်လည်း သားစိုးနဲ့ အတူတူပဲ ပြန်ခဲ့ဖို့ သူ့အိမ်ကမှာထားတော့ ဘယ်သွားသွား သားစိုးနဲ့ အတူတူ တကောက်ကောက်ပဲ ...။ အတန်းထဲမှာ ထိုင်ရင်တောင်မှ သူ့ကို မိန်းခလေးတန်းဘက်မှာ သွားထိုင်ခိုင်းလို့မရဘူး ..။ သွားထိုင်ခိုင်းတာနဲ့ ငိုတော့တာပဲ ..။ ဒါနဲ့ ဆရာမလည်း သားစိုးဘေးမှာပဲ သူ့ကိုထိုင်ခိုင်းရတယ် ...။ အဲ့ ရှူရှူးပေါက်ရင်တောင်မှ မိန်းခလေးအိမ်သာဘက်မသွားဘူးဗျ ... သားစိုးနဲ့ အတူတူလိုက်တာ... ။ နောက်တော့ သူ့ကို သားစိုးက သူတို့ မိန်းခလေး အိမ်သာဘက်အရင် လိုက်ပို့ ... သားစိုးက အိမ်သာရှေ့ကရပ်စောင်နေရသေးတယ် ...။ သူ့ကိစ္စပြီးမှ သားစိုးက ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ် ...။ (သူ့အိမ်ကစကားကို အဲ့လို အတိအကျကို နားထောင်တာ ...။)
ဆက်ပြောပြဦးမယ် ....။ သားစိုးက ကျောင်းထားစတုန်းကဆို အဒေါ်က စာသင်ခန်းအပြင်ကနေ ကျောင်းဆင်းတဲ့ အထိ ရပ်ပြီးစောင့်ပေးနေရတယ် ။ သားစိုးက စာသာသင်နေတာ ... အခန်းအပြင်ကိုတော့ အမြဲ လှမ်းပြီး Check လုပ်တယ်ဗျ ..။ အဒေါ်ကို မတွေ့တော့ဘူဆိုတာနဲ့ ... သားစိုးလည်း ငိုပြီး လွယ်အိတ်ကောက်လွယ်ပြီး အိမ်ပြန်တာပဲ ...။ အဲ့လိုဆိုရင် အဲ့ဒီကောင်မလေးလဲ ငိုပြီး သားစိုးလွယ်အိတ်ကိုဆွဲ ပြီး နောက်ကနေ လိုက်တော့တာပဲ ...။ အိမ်ရောက်ရင် အဒေါ်က ဆော်ပလော်တီးပြီး ကျောင်းကို ပြန်ပြန်လွှတ်တာ ...။ သားစိုးရဲ့ အတန်းပိုင်ဆရာမဆိုရင် သားစိုးကို အိမ်အထိ လိုက်လိုက်ပြီးခေါ်ရတာ ခဏခဏပဲ ..။
သားစိုး နေမကောင်းဖြစ်လို့ ကျောင်းမတက်ဘူးဆိုရင် အဲ့ဒီကောင်မလေးလဲ ကျောင်းသွားခိုင်းလို့မရဘူးဗျာ..။ သူနေမကောင်းရင်တော့ သားစိုးကတော့ ကျောင်းသွားတာပါပဲ ...။ အဲ့ဒီလိုမျိုး သားစိုးက ငိုပြီး အိမ်ပြန်ရင် သူပါလိုက်ပြန် ... သားစိုးကျောင်းမတက်ရင် သူပါမတက်ဆိုတော့ ... ကြာလာတော့ စာတွေမလိုက်နိုင်ဖြစ်တာပေါ့ ...။ သားစိုးက ဉာဏ်ကောင်းပြီးသားဆိုတော့ အရင်နေ့က သင်ပြီးသားစာတွေဆိုလည်း ... ဆရာမက မုန့်စားဆင်းချိန် ပြန်သင်ပေးရင် ခဏလေးနဲ့ ရတာပဲ ..။ သူကကျတော့ မရဘူးလေ...။
စာမေးပွဲတွေလည်းဖြေရော ... သားစိုးကအောင်ပြီး သူကတော့ ကျပါလေရောဗျာ ...။
အင်း ... အဲ့လိုလေးတွေ .. ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်ရင် လူတောင် အလိုလို ပြန်ပြီး နုပျိုသွားသလို ခံစားရတယ်ဗျာ ...။
ဒါကြောင့် . . . ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍​ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ....။

Read More...

Wednesday, June 4, 2008

သားစိုး ရွှေအိုးထမ်းကိန်း

သားစိုးက ငယ်ငယ်တုန်းက ဘာသာတရားအရမ်းလိုက်စားတာဗျ ...။ ဘုရားစာအုပ်တွေ တရားစာအုပ်တွေဆိုရင်လည်း လက်လှမ်းမှီသလောက်အကုန်ဖတ်ဖူးတယ် ...။ အဲ့ဒီတော့ ဘုရားတရားနဲ့ ပတ်သတ်ရင် တော်တော်များများ ဖောလို့ တတ်တာပေါ့ဗျာ .. ဟဲ .. ဟဲ ..ဟဲ ..။
သားစိုး(၁၀)တန်းအောင်တဲ့နှစ် အသက်(၁ရ)နှစ်လည်းပြည့်တဲ့မွေးနေ့မှာ သားစိုးတို့ရွာ ရွာဦးကျောင်းက ဘုန်းဘုန်းဆီမှာ မွေးနေ့ဆွမ်းသွာကပ်လှူကြတယ် ...။ အဲ့ဒီတုန်းက အဖေရယ် အမေရယ် သားစိုးရယ်ပေါ့ အတူတူသွားကြတာ..။ သားစိုးဆွမ်းသွားကပ်တော့ ဘုန်းဘုန်းကမေးတယ် ... ဘာအတွက်ကပ်တဲ့ ဆွမ်းလဲတဲ့ ..။ မှန်လှပါဘုရား ... တပည့်တော် မောင်သားစိုး အသက်(၁၇)နှစ်ပြည့်လို့ ကပ်တဲ့ဆွမ်းပါဘုရားပေါ့ ..။ အေး အေး ..သာဓု..သာဓု ..သာဓု ကွယ်လို့ ဘုန်းဘုန်းကပြောပြီး ... ထုံစံအတိုင်း ဆွမ်းတရားဟောတာပေါ့ဗျာ ..။
အဲ့ဒါလည်းဟောပြီးရော ... မေင်သားစိုးတဲ့ မင်းဒီအသက်အရွယ်ရောက်လာတာ မိဘတွေရဲ့ကျေးဇူးကြောင့်ကွဲ့ ... ဒါကြောင့်မိဘကျေးဇူးကိုလည်း မမေ့ရဘူးတဲ့ ... မိဘလုပ်ကျွေးတဲ့ သားများ ဘယ်တော့မှ ဆင်းရဲဒုက္ခမရောက်ဘူးကွဲ့ ဆိုပြီး သုဝဏ္ဏသာမဇာတ်တော်ကို ထပ်ဟောရောဗျ ... ။
အဲ့လိုဟောတော့ဗျာ ... အများသိကြတဲ့ အတိုင်းပဲ ဒုကုလ နဲ့ ပါရိကာ တို့ (၂)ယောက်က ဗြမ္မာ့ပြည်ကနေ နတ်သက်ကြွေပြီး လူဖြစ်လာတဲ့ သူတွေဆိုတော့ အိမ်ထောင်မှုပြုရမှာ မလိုလားဘူးလို့ ဟောနေတဲ့ အခန်းဗျ ..။ ဘုန်းဘုန်းက ဘာပြောလဲဆိုတော့..ဒုကုလ က အရင်ဘဝက ဗြမ္မာကြီး .. ပါရိကာက အရင်ဘဝက ဗြမ္မာမကြီးလို့ ပြောရောဗျ ....
အဲ့ဒီမှာတင် သားစိုးက ဘုန်းဘုန်းဘုရား ခဏလောက်နေပါဦးဘုရားပေါ့ ... တပည့်တော်စာအုပ်တွေထဲမှာ ဖတ်ဖူးတာကတော့ ဗြမ္မာမှာ အဖို အမဆိုတာ မရှိဘူးလို့ပဲ ဖတ်ဖူးတာပါဘုရား... ဘုန်းဘုန်းဟောတာမှားနေပြီး ဘုရားလို့ဆိုပြီး .. သားစိုးက ဘုန်းဘုန်းကို စေတနာလေးနဲ့ ထောက်ပေးလိုက်တာပါ ..။
အဲ့ဒီမှာတင် ဘုန်းဘုန်းက ဘေးနာမှာရှိတဲ့ ကြိမ်လုံးကို ဆွဲပြီး မင်းက ဘုန်းကြီးလား .. ငါကဘုန်းကြီးလား ဆိုပြီး သားစိုးကို လိုက်ရိုက်တော့တာပဲဗျို့ .... သားစိုးမှာ .. သားရွှေအိုးထမ်းတဲ့ အခန်းလေးတောင် မရောက်လိုက်ဘူး ... အိမ်ကို ဖနှောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင်းပြေးလိုက်ရတာပဲ ...။
အိမ်ကို အဖေနဲ့ အမေပြန်ရောက်တော့ အပိုဆောင်းအနေနဲ့ ကြိမ်လုံး မွေနေ့လက်ဆောင်လေးတောင်ရလိုက်သေးဗျာ .... ။ ဟီ ဟီး ... ။

Read More...

Saturday, May 31, 2008

ဂတုံးသားစိုး

လူကြီးမိဘတွေက တစ်ခါတလေမှာ နားလည်ရတော်တော်ခက်တယ်ဗျ။ သားစိုးငယ်ငယ်တုန်းက (သူငယ်တန်းကနေ (၅)တန်းအထိ) အဒေါ်လင်မယားနဲ့ အတူနေခဲ့ရတာ...။ သားစိုးကိုလည်း အတော်လေးကိုချစ်ကြရှာပါတယ်..။ ချစ်လွန်းလို့ မျက်စိအောက်ကကို အပျောက်မခံဘူး...။ အဲ့လိုချစ်လွန်းတော့လည်း အချစ်ခံရတာကြီးကို တော်တော်လေးစိတ်ကုန်မိတယ်..။ တခါတလေကျရင် အဒေါ်သာ ငါ့ကို တော်တော်လေး မုန်းပြီး ကြည့်မရ ဖြစ်နေရင် ကောင်းမှာပဲလို့တောင် တွေးမိတာ။
ကဲ .. သားစိုး ဂတုံးဖြစ်ရတာလေးကို ပြောပြဦးမယ်..။
သားစိုးက ငယ်ငယ်တုန်းကဆိုရင် ဆံပင်ညှပ်ရင် ဘဲမြှီးပဲညှပ်တယ်.. ( ခေါင်းဖြီးရတာ အလုပ်ရှုပ်လို့)။ အဒေါ်က .. သားစိုးရေ ဆံပင်သွား ညှပ်ခဲ့ဆိုရင် လာမေးမနေနဲ့ ဘဲမြှီးပဲ ညှပ်ခဲ့တာ..။ တစ်ခါ နှစ်ခါတုန်းကတော့ အဒေါ်ကသဘောကျတာပေါ့ဗျာ။ ဘဲမြှီးကေဆိုတော့ ဆံပင်ညှပ်ခလည်း သက်သာတယ် .. ခဏခဏလည်း ဆံပင်မညှပ်ရဘူးပေါ့ (အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ်ဗျ..) ။ နောက်ပိုင်းကျတော့ သားစိုးရဲ့ ဘဲမြှီးကို အမြင်ကပ်လာရော။ နင့်မျက်နှာနဲ့ ဘဲမြှီးနဲ့ ကြည့်ရတာတော်တော်ဆိုးတယ်တဲ့...။ နောက်တစ်ခါ ဆံပင်ညှပ်ရင် ဘိုကေညှပ်ခဲ့တဲ့ ...။ သားစိုးကလည်း ဘိုကေကို ညှပ်ချင်ဘူးလို့ ..။ ဗိုလ်ချုပ်အောင်ဆန်းကေနဲ့တူတဲ့ ဘဲမြှီးပဲညှပ်ချင်တယ်လို့ ။ အဲ့လိုပြောတော့ အဒေါ်က ... အေး ..နင့်ဟာနင် ဘာကေပဲညှပ်ညှပ် ဘဲမြှီးမဟုတ်ရင်ပြီးတာပဲ ... ဘဲမြှီးညှပ်လာလိုကတော့ အသေပဲ လို့ဆိုပြီး ပြောရောဗျ..။ ဟဲ..ဟဲ..ဟဲ.. သားစိုးပဲလေ ..။ ကိုယ်လုပ်ချင်တာ မလုပ်ရလို့ကတော့ လုပ်လို့ရတာကို လုပ်ပစ်လိုက်တာပေါ့ ..။ ဘာကေမှကို မညှပ်ခဲ့ဘူး ..။ ဂတုံးပဲ တုံးခဲ့လိုက်တယ်။ ပိုတဲ့ ပိုက်ဆံ ၃မတ်ကိုလည်း ပြန်မပေးဘူးဗျာ..။ မုန့်ပါ ဝယ်စားပစ်လိုက်တာပေါ့..။
အဲ့ဒီကတည်းက စပြီး အဒေါ်က သားစိုးရဲ့ ဆံပင်ညှပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ဘူးဗျာ ...။ ဂတုံး(၁)လုံးရဲ့ အကျိုးအမြတ်တွေပေါ့ ... ဟဲ ..ဟဲ ..ဟဲ ။

Read More...

Wednesday, May 28, 2008

စာမေးပွဲရှိနေလို့ဗျို့

ပို့စ်အသစ်တွေတော့ ရေးပြီးတင်ချင်ပါတယ်။ စာမေးပွဲတွေရှိနေလို့ မရေးဖြစ်သေးတာ။ စာမေးပွဲက (၂)ဘာသာပဲ ဖြေပြီးသေးတယ်လေ။ ဖီလော်ဆော်ဖီ နဲ့ အင်္ဂလိပ်စာပဲ ဖြေပြီးသေးတာ။ အမှတ်တွေတော့ ပြောမပြတော့ပါဘူး ...။ ကြွားနေတယ်ထင်မှာစိုးလို့ ..ဟဲ..ဟဲ..ဟဲ။

Supervisor ရဲ့ စာမေးပွဲလေးကျန်နေသေးလို့ နည်းနည်းတော့ စာကြိုးစားချင်ယောင်ဆောင်လိုက်ဦးမယ်ဗျို့ ။

စာမေးပွဲပြီးမှပဲ .....

ဟဲ . . ဟဲ . . ဟဲ . . .

Read More...

Friday, May 23, 2008

မဆိုလိုက်ရတဲ့ အဆိုတော်သားစိုး

သားစိုးတို့ (၁၀)တန်းနှစ်တုန်းက ကျောင်းမှာ ဘုံကထိန်အလှူငွေအတွက် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကလေး လုပ်လိုက်သေးတယ်ဗျ။ သားစိုးတို့ကျောင်းအဝင် ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာ ဘောကြီးထောင်... (ဆိုကြမယ် ပျော်ကြမယ်) လို့ဆိုပြီး ရောင်စုံမြေဖြူ ပန်းစာလုံးတွေနဲ့ ရေးပြီးတောင် ကြော်ငြာလိုက်သေးသဗျာ။
သီချင်းဆိုချင်တယ်ဆိုရင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်နှုန်း နဲ့ အတွင်းရေးမှူး ဆရာလူပျိုကြီးဆီကို စာရင်းပေးရတာ။ အဆိုတော်ဖြစ်ဖို့ အခွင့်ကောင်းပေပဲပေါ့ဗျာ။ သူငယ်ချင်းတွေကလည်း သားစိုးကို အားပေးကြတယ်ဗျ။ ဆိုသာဆို ... သီချင်းဖိုး(၅၀)ကိုတောင် သူတို့စိုက်ပေးဦးမှာတဲ့။ ပြီးရင် စင်ပေါ်တက်ပြီး ပန်းကုံးတောင် တက်စွပ်ပေးကြဦးမှာဆိုပဲ။
ဒါနဲ့ သားစိုးလဲ ဆိုမယ်ကွာဆိုပြီး စာရင်းပေးလိုက်တာပေါ့။ ဂီတာတီးတတ်တဲ့ သူငယ်ချင်းတွေကလည်း ကျောင်းကို ဂီတာတွေယူလာကြပြီး သားစိုးအတွက် သီချင်းရွေးပေး ..သီချင်းတိုက်ပေးတာတွေ အားတက်သရော လုပ်ပေးကြတာဗျ။ သားစိုးလည်း အတန်းထဲမှာ အပီအပြင်ကို အဆိုတော်ဖြစ်ဖို့အရေး လေ့ကျင့်တာ ... နားထောင်ရတဲ့လူတွေ နားမခံသာအောင်ပါပဲ .. ဟဲ.. ဟဲ ..ဟဲ ။
ဒီလိုနဲ့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်လုပ်ဖို့ (၂)ရက်အလိုမနက်ပေါ့ဗျာ .... သားစိုးက ကျောင်းနောက်ကျနေလို့ အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး အတန်းထဲကိုရောက်တော့ သူငယ်ချင်းတွေက သားစိုးကို စိတ်မကောင်းတဲ့လေသံနဲ့ သတင်းတစ်ခု ပြောကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကို နမိတ်မကောင်းဘူးဆိုပြီး မလုပ်တော့ဘူးတဲ့ ....။ ဟေ ... ဘယ်လိုဖြစ်တာလဲဟ ဆိုတော့ ... ။ သိချင်ရင် ကြော်ငြာဘုတ်ကိုပဲ သွားပြန်ကြည့်တော့တဲ့ ....။
ဒါနဲ့ သားစိုးလည်း ကြော်ငြာဘောကြီးကို သွားပြေးကြည့်တော့ ။
အား ပါး ပါး .. သွားပါပြီးဗျာ .. သားစိုးရဲ့ အဆိုတော်ဖြစ်မယ့် မျှော်လင့်ချက်လေး ဘယ်သူမှန်းမသိတဲ့ တေလေဂျပိုးလေး လက်ကမြင်းလို့ ပျက်သွားပါပေါ့...။
ကြော်ငြာဘောမှာ ရေးသွားတာက ( သေကြမယ် ငိုကြမယ် ) တဲ့ ... ကောင်းရောဗျာ ။

Read More...

Tuesday, May 20, 2008

ပူးကလေး မောင်ပေတူး

ပေတူးကို မနေ့(၁၉-မေ-၂၀၀၈)တုန်းက Exhibition Center (ВВЦ) ကနေအပြန် လမ်းမှာ ကျောင်းသူချောချောလေးတစ်ယောက်က ရောင်းနေတာတွေ့လို့ ချစ်စရာကောင်းတာနဲ့ ဝယ်လာတာ..(ပူးလေးက ချစ်စရာကောင်းတာကို ပြောတာပါ...)။ ဒီကောင်လေးက အမြဲချောင်ပဲ တိုးနေတာဗျ။ ပြီးတော့ သူအီးအီးပါရင်လည်း ထောင့်လေးတစ်ခုမှာစုပြီးပါတယ် ။ သေးပေါက်ရင်လည်း အဲ့ဒီနေရာမှာပဲ။ ဒါပေမယ့် ဆိုးတာတစ်ခုက သူ့အီးပုံပေါ်မှာ သူ ပြန်တက်ထိုင်နေတာပဲ။ အဲ့ဒီလို အီးတွေ သေးတွေနဲ့ ပေတေနေလို့ သားစိုးက ပူးလေးကို (ပူးတေ) ပေတူးလို့ နာမည်ပေးထားတာ.... ပေတူးလေးကိုမြင်ဖူးရအောင်လို့ သူ့ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်ဗျာ .... ။

ပေတူး




ပေတူးရဲ့ မူရင်းမာမီ

Read More...

Monday, May 19, 2008

သားစိုးရဲ့ စာကျက်နည်းသစ် ....

သားစိုး(၈)တန်းနှစ်တုန်းက ဂုဏ်ထူး(၃)ဘာသာနဲ့ စာမေးပွဲအောင်ခဲ့တာ...(ယုံချင် ယုံ ...မယုံချင် နေ..)။ အဲ့ဒီလိုဂုဏ်ထူးတွေနဲ့ အောင်ရအောင် သားစိုးကျက်ခဲ့တဲ့ စာကျက်နည်းလေးကို မသိချင်ဘူးလား ...။ ပြောမယ် ..ဒီလိုဗျ။

သားစိုးတို့စာမေးပွဲချိန်က မနက်ပိုင်းဖြေရတာ ။ သားစိုးက မြန်မာစာဖြေရတဲ့နေ့မှာ သိပ်ပြီးမဖြေလိုက်ရဘူးဗျ... အချိန်မလောက်လို့လေ။
စာမေးပွဲပြီးလို့ အိမ်လည်းရောက်ရော စိတ်ညစ်ညစ်နဲ့ သားစိုးတို့ ရပ်ကွက်နောက်က ထန်းတောထဲသွားပြီး ထန်းရည်ခါးခါးလေး မြူဝက်လောက်သောက်ပစ်လိုက်တယ် (သားစိုးတို့မိဘတွေက သားစိုးကို ထန်းရည်သောက်တာကိုတော့ ခွင့်ပြုထားတယ်ဗျ .. ထန်းရည်ချိုပဲ သောက်ခွင့်ပြုတာနော် ....ဟဲ.. ဟဲ .)။ သောက်ပြီးလို့ အိမ်ပြန်ရောက်တော့ နည်းနည်းတော့ ဉာဏ်များရတယ်ဗျ။ တော်ကြာနေ ထန်းရည်သောက်လို့ မူးနေတာကိုသိရင် နောက်ဆိုမသောက်ရတော့မှာစိုးလို့လေ...။ ပြီးတော့ နောက်နေ့တွေကိုက စာမေးပွဲဆက်ဖြေရဦးမှာဆိုတော့ အိပ်ပျော်သွားပြီး စာကျက်ပျက်လို့ကလည်း မဖြစ်သေးဘူးဗျ။ အဲ့ဒီတော့ စာကျက်တာ အမေတို့ မြင်ကွင်းရှေ့မှာ ကျက်လို့တော့ မဖြစ်တော့ဘူး ။
သားစိုးအိပ်ခန်းရဲ့ ပြတင်းပေါက်ဘေးမှာ သားစိုးတို့ အိမ်ခေါင်မိုးကိုကျော်အောင်ပေါက်နေတဲ့ ကန္တာရဆူးပင်ကြီးရှိတယ်ဗျ။ ဒီအပင်ပေါ်မှာက သားစိုးအမြဲတက်ပြီး ဆော့နေကြ..။ အပင်ပေါ်မှာ ထိုင်လို့ရအောင်လည်း လုပ်ထားပြီးသားလေ။ အဲ့...သားစိုးအကြံတစ်ခုရလိုက်တယ်။ အဲ့ဒီ အပင်ပေါ်တက်ပြီးကျက်ရင် သားစိုးထန်းရည်မူးနေတာကို အမေတို့လည်း မရိပ်မိတော့ဘူး။ အိပ်ပျော်ရင် အပင်ပေါ်ကလိမ့်ကျမှာဆိုတော့ အိပ်ပျော်မှာကိုလည်း မပူရတော့ဘူး.. စာကျက်လည်း မပျက်တော့ဘူးပေါ့ဗျာ..။
အဲ့လိုနည်းနဲ့ စာကို အော်ပြီးကျက်တာ အရင်နေ့က (၃)ခေါက် (၄)ခေါက်လောက်ကျက်မှရတဲ့စာက (၂)ခေါက်လောက်နဲ့ကို ကောင်းကောင်းအလွတ်ရနေတယ်ဗျာ ...။ စာမေးပွဲမှာလည်း လုံးဝကို မမေ့ဘူး...။ နောက်နေ့တွေလည်း အဲ့ဒီအတိုင်းပဲလုပ်ပြီး စာကျက်တာ.... အဲ့ဒီနှစ် (၈)တန်းကို သားစိုးတို့ရပ်ကွက်ထဲမှာ သားစိုးက (၃)ဘာသာ ဂုဏ်ထူး ... ဂုဏ်ထူးအများဆုံးနဲ့အောင်တာ... ။ ရပ်ကွက်ရုံးကဆုချတဲ့ ဂုဏ်ထူး(၁)ဘာသာ (၃၀၀)ကျပ် နှုန်းနဲ့ ဆုငွေ (၉၀၀)ကျပ်တောင် သားစိုးရလိုက်သေးသဗျာ ... ဟဲ.. ဟဲ.. ဟဲ ..။

Read More...

Sunday, May 18, 2008

အကြံပိုင်သူ

သားစိုးတို့ (၉)တန်းနှစ်မှာ သားစိုးတို့ အခန်းထဲကို ဖုန်းကြီးဆိုပြီး သားစိုးတို့က နာမည်ပေးထားတဲ့ သူငယ်ချင်းတစ်ယောက် ပြောင်းလာတယ်...။ ဒီကောင်က ကျောက်မဲကနေ (၉)တန်းကျလို့ဆိုပြီး သူ့အိမ်က နှင်ချလိုက်လို့ သားစိုးတို့ ကျောင်းကို ပြောင်းလာတာ..။ နေတာကတော့ သားစိုးတို့ ကျောင်းရှိတဲ့ မြို့ကနေ(၅)မိုင်လောက်ဝေးတဲ့နေရာက မြို့သစ်က ဦလေးအိမ်မှာနေတာဗျ။ ကျောင်းကို လိုင်းကားနဲ့ အသွားအပြန်လုပ်တယ်။ အဲ့ဒီတုန်းက လိုင်းကားခက (၅)ကျပ်ပဲရှိတယ်။ ဖုန်းကြီးက နည်းနည်းတော့ ဗရုတ်ကျပေမယ့် ခင်ဖို့တော့ အရမ်းကောင်းတယ်ဗျ ..။
သားစိုးတို့ကျောင်းမှာက တနင်္လာနေ့တိုင်း Assembly ရှိတယ် ။ Assembly မှာ အရင်ဆုံး ကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူး တို့ ...ဘာတို့ ..ညာတို့က အရင်ဆုံး ကျောင်းသားတွေကို သြဝါဒချွေတယ် ။ သူတို့ပြီးမှ ကျောင်းအုပ်ဆရာမကြီးက သြဝါဒချွေတာ..။ အဲ့ဒါတွေအားလုံးပြီးရင် မနက်ပိုင်းစာသင်ချိန်(၂)ချိန်လောက်က အေးအေးဆေးဆေး ကုန်သွားရောဗျ။
အဲ့ဒီလိုမျိုးAssembly လုပ်တဲ့တစ်နေ့မှာဗျာ ...ထုံးစံအတိုင်းကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူးဖြစ်တဲ့ ဆရာလူပျိုကြီးက ကျောင်းသားတွေကို သြဝါဒချွေပါလေရော ...။ အဲ့ဒီဆရာသြဝါဒချွေရင် (အားလုံးကြားလား...အားလုံးကြားလား )ဆိုပြီး ခဏခဏမေးတတ်ပြီး သူသြဝါဒချွေချိန်ဆို သားစိုးတို့ (ကြားပါတယ်ခင်ဗျား ...ကြားပါတယ်ခင်ဗျား..)ပဲ ခဏခဏဖြေရလို့ တော်တော်လေးစိတ်လေတယ်ဗျ ။ အဲ့လိုကျောင်းသားတွေအကုန်လုံး ဖြေရတာကို စိတ်လေနေတုန်း ဆရာက ထပ်ပြီးမေးပြန်ရောဗျာ ။ အားလုံးက မဖြေချင်ဖြေချင်နဲ့ တိုးတိုးလေးပဲဖြေတယ်။
ဒါပေမယ့် သားစိုးတို့ရဲ့ ဘော်ဒါကြီး ဖုန်းကြီးကတော့ အားကျိုးမာန်တက် တစ်ယောက်တည်း အကျယ်ကြီး အော်ပြီးဖြေလိုက်တာဗျ (ကြားပါတယ် ခင်ဗျား ...) ဆိုပြီး ..။ ကျန်တဲ့သူတွေအားလုံးက တိုးတိုးလေးဖြေချိန်မှာ ဒီကောင့်အသံကြီးတစ်ခုတည်း ဟိန်းပြီးထွက်လာတာပေါ့။ အားလုံးကလည်း ဖုန်းကြီးဆီကိုပဲ အကြည့်တွေက အကုန်ရောက်ကုန်တယ် ။ ပြီးတော့မှ ကျောင်းသား ကျောင်းသူတွေအားလုံး ၀ိုင်းပြီး ရယ်ကြတာပေါ့။ အဲ့ဒီလို ၀ိုင်းလည်းရယ်ကြရော ဆရာလူပျိုကြီးက သူ့ကိုတမင် ပြောင်တယ်ထင်ပြီး ဖုန်းကြီးကို မဲပါလေရော ။ ခုနက (ကြားပါတယ်ဆိုတဲ့ကောင် ရှေ့ကိုထွက်ခဲ့ဆိုပြီးခေါ်ရောဗျ ။ ဖုန်းကြီးကလည်း ခပ်တည်တည်ပဲ ထွက်သွားတယ် ။ ဖုန်းကြီးအရှေ့ကိုလည်း ရောက်သွားရော ဆရာက ... ဖုန်းကြီးလွယ်အိတ်ထဲက ဖုန်းကြီးနာမည်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ယူထားပြီး ..မင်း ပြီးရင် ရုံးခန်းကို လာခဲ့လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။
Assembly လည်းပြီးရော ဖုန်းကြီးတို့ ရုံးခန်းကို ဒိုးရတော့ပေါ့။ ဖုန်းကြီးဆိုတဲ့ကောင် ဒီတစ်ခါတော့ မလွယ်ဘူးဟေ့ ဆိုပြီး အခန်းထဲကလူတွေက ဒီကောင့်ကို သနားတောင် သနားနေမိသေးတာဗျ ။ ဒီကောင်လည်းပြန်လာရော အားလုံးက ၀ိုင်းမေးတာပေါ့။ ဟေ့ကောင်... အခြေအနေဘယ်လိုလဲဟလို့ ဆိုတော့ .... ဖုန်းကြီးက စပ်ဖြီးဖြီးနဲ့ မုန့်ဖိုးတောင် (၁၀)ကျပ် ပေးလိုက်သေးတယ်ဗျ တဲ့...။ ဟေ ..မင်းဘယ်လိုပြောလိုက်လို့လဲဟလို့ ဆိုတော့ .. ဆရာက ငါ့ကိုမေးတယ် ... ဘာသဘောနဲ့ အဲ့လိုအော်တာလဲတဲ့ .... ငါကလည်း ဆရာကမေးတာကို ကျန်တဲ့လူတွေက တိုးတိုးလေးပဲ ဖြေနေတော့ ဆရာ့ကို အားနာလာလို့ ကျွန်တော်တစ်ယောက်တည်း အကျယ်ကြီး ဖြေလိုက်တာပါလို့ပြောလိုက်တယ်ကွာ ..ပြီးတော့ ငါ့ကို နည်းနည်းပါးပါး သြဝါဒ ပေးပြီးတော့ နောက်မလုပ်နဲ့ဆိုပြီး ပြန်လွှတ်တယ်။ ပြန်ခါနီးကျတော့ ငါက .. ဆရာယူသွားတဲ့ ကျွန်တော့်စာအုပ်လေးပြန်ပေးပါဦးဆရာလို့ ပြောတော့မှ ဆရာက သတိရလာပြီး ငါ့စာအုပ်ကို ပြန်ပေးတယ် ။ ဆရာလည်းစာအုပ် ပြန်ပေးရော ငါလည်း စာအုပ်ကို ဟိုလှန် ဒီလှန် လုပ်ကြည့်ပြီး .... ဆရာ.. ဒီစာအုပ်ကြားထဲမှာထည့်ထားတဲ့ ကျွန်တော့်(၅)ကျပ်တန်လေး မတွေ့မိဘူးလားလို့ မေးလိုက်တော့ ဆရာကပြာပြာသလဲနဲ့ ...ဟေ .. မတွေမိပါဘူးဟ..ဆိုပြီးဖြေတယ် ... ငါကလည်း ဘယ်ရမလဲ ... အဲ့ဒီ (၅)ကျပ်က ကျွန်တော့်အပြန်လမ်းစရိတ်လေး။ အခုအဲ့ဒါမရှိတော့ရင် ညနေကျောင်ဆင်းရင် အိမ်ကိုလမ်းလျှောက်ပြီး ပြန်ရတော့မယ်ထင်တာပါပဲဆိုပြီး ... မျက်နှာသေလေးနဲ့ ဆရာ့ကို လုပ်ပြလိုက်တယ်။ ငါအဲ့လိုပြောနေတုန်းမှာ ဘေးနားမှာက ဆရာမလေးတွေ (၂)ယောက် (၃)ယောက်လောက်ရှိတယ်ဟ...။ ဆရာက ..မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွတဲ့ ... ငါကလည်း ...ကျွန်တော့်ကို အိမ်က တစ်နေ့ကို မုန့်ဖိုး (၁၅)ကျပ်ပဲပေးတာ။ လမ်းစရိတ်ကိုလည်း အဲ့ဒီထဲကနေပဲသုံးရတာလို့ပြောပြီး ... ညနေတော့ လမ်းလျှောက်ပြန်ရလို့ အိမ်ပြန်နောက်ကျရင် အိမ်က ကျွန်တော့်ကို ရိုက်တော့မှာဗျလို့ဆိုပြီး ငိုပြလိုက်တာပေါ့။ အဲ့ဒီတော့မှ ဆရာက ကဲ..ကဲ..ငိုမနေနဲ့တော့ ဆိုပြီး ... သူ့အိတ်ကပ်ထဲကနေ (၁၀)တန်တစ်ရွက် ထုတ်ပေးတယ်... ငါက ပြန်အမ်းရဦးမှာလားဆရာလို့မေးလိုကတော့ .. ဆရာက ပိုတဲ့ဟာကို မင်းမုန့်ဖိုးယူလိုက်ဆိုပြီး ပြန်လွှတ်လိုက်တာဗျာလို့ ဖုန်းကြီးက ဖြေတယ်ဗျ။
အဲ့ဒီတော့ သားစိုးတို့ကလည်း မင်းပိုက်ဆံက စာအုပ်ထဲကို တကယ်ထည့်ထားလို့လား လို့ဆိုတော့ .... ဖုန်းကြီးက .. ဟဲ ..ဟဲ..ဟဲ လို့ရယ်ပြီး ... ပိုက်ဆံဆိုမှတော့ စာအုပ်ထဲထည့်ထားစရာလား.. ပိုက်ဆံအိတ်ထဲပဲထည့်ထားတာပေါ့ ..ထည့်ချင်းထည့် ကွန်ဖာဗူးထဲပဲထည့်မှာပေါ့ဟဆိုပြီး အောင်နိုင်သူကြီးအပြုံးမျိုးနဲ့ ပြုံးဖြီးဖြီးလုပ်နေတယ်ဗျာ..။
ကဲ .. အကြံမပိုင်ပေဘူးလား... အဲ့ဒါ သားစိုးရဲ့သူငယ်ချင်းပေါ့ ...ဟဲ ..ဟဲ...ဟဲ..။

Read More...

Saturday, May 17, 2008

ကျောင်းလက်ရွေးစင်ဘောလုံးသမား သားစိုး

သားစိုးက ခေသူတော့မဟုတ်ဘူးနော်....။ အင်္ဂလိပ်စာညံ့တာကို ကြောင်းပြုပြီး အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားတောင် ဖြစ်သွားလိုက်သေးတယ် ... ဟဲ ..ဟဲ ..ဟဲ။
ထင်ပေါ်လို့ စင်တော်ကကောက်ခဲ့ပုံက ဒီလိုဗျ ။
သားစိုး (၈)တန်းနှစ်ကပေါ့ ..။ သားစိုးတို့ သူငယ်ချင်းအုပ်စုထဲမှာ ကြက်မွှေးလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။ သားစိုးနဲ့က အတန်းထဲမှာ ရှေ့နောက် ခုံချင်းကပ်လျက်ထိုင်တာ။ ဒီကောင်က ဘောလုံးကန်ဆို အရမ်းဝါသနာပါတာ...။ သားစိုးတို့လည်း ဘောလုံးကန်တာကို ၀ါသနာပါတာပါပဲ ။ ကျောင်းမှာ အသင်းလေးသင်းကနေ မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက်လူရွေးတာ .... သားစိုးက အနီသင်းကနေ နာမည်စာရင်းပေးလိုက်တယ်။ ကြက်မွှေးကတော့ အဝါသင်းက ။ အသင်းလေးသင်းက (၁)ရက်စီ အလှည့်ကျ လူရွေးတာဆိုတော့ (၀ါ၊ စိမ်း၊ နီ၊ ပြာ)အစဉ်လိုက်အတိုင်း ကြက်မွှေးက အရင်သွားအရွေးခံရတယ် ... ။ ကံဆိုးချင်တော့ သူတို့ အဝါ အသင်းမှာက ဘောလုံးမှာ သူ့ထက်ငါ ဆရာတွေချည်းဆိုတော့ ကြက်မွှေးတစ်ယောက် အရွေးမခံရဘူး ... ။
သားစိုးတို့ အနီသင်းနေ့ရောက်တော့ အတန်းချိန်ကြီးမှာ အားကစားဆရာက အခန်းထဲကိုလာပြီး နာမည်စာရင်းလာဖတ်ပြသွားတယ် ။ ဘောလုံးကွင်းကိုလာခဲ့ပါတဲ့ ...။
နာမည်စာရင်းလာခေါ်တဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အင်္ဂလိပ်စာသင်နေတဲ့အချိန်ဖြစ်နေတယ်ဗျာ...။ သားစိုးကလည်း အင်္ဂလိပ်စာ သိပ်မလိုက်နိုင်တော့ အဲ့ဒီအချိန်ကို အတန်းမပျက်ချင်တာနဲ့ ဘောလုံးသွားမကန်တော့ဘူးဆိုပြီး အတန်းထဲကနေ မထပဲထိုင်နေလိုက်တယ်...။
အဲ့လိုနေတော့ ကြက်မွှေးက သားစိုးကို တိုးတိုးလေး လာပြောတယ် ...။ ဟေ့ကောင်တဲ့ မင်းသွားမကန်ဘူးလားတဲ့ ....။ သားစိုးကလည်း ..အေး ...လို့ ... ငါ အင်္ဂလိပ်စာသိပ်မရလို့ကွ လို့ .. မကန်တော့ဘူးကွာလို့ ပြောလိုက်တော့ ... ဒီကောင်က မျက်နှာချိုလေးနဲ့ ..မင်းအစား ငါသွားကန်လိုက်မယ်လေတဲ့ ...။ ဖြစ်ပါ့မလားဟ လို့ ဆိုတော့ ... ။ ဖြစ်ပါတယ်ကွာတဲ့ ... ငါအရွေးခံရအောင်ကန်ခဲ့မယ်တဲ့ ဆိုပြီး သားစိုးဆိုတဲ့ နာမည်နဲ့ပဲသွားကန်တာ ... အားကစားဆရာကလည်း သားစိုးကိုရော ဒီကောင့်ကိုရော မသိဆိုတော့ ...ကံကောင်းချင်တော့ အဲ့ဒီနေ့ အရွေခံရတယ်ဗျာ....။ နောက်နေ့တွေလည်း အတန်းထဲမှာ သားစိုးဆိုပြီး လာခေါ်တိုင်း ဒီကောင်ပဲ ထပြီး ဘောလုံးသွားကန်နေတော့ ဆရာမတောင်မှ မျက်စိလည်နေတယ် ... ဘယ်သူက သားစိုးမှန်းမသိဖြစ်နေတာ ။
အဲ့လိုနဲ့ပဲ သားစိုးဆိုတဲ့ နာမည်က မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပွဲမှာ သားစိုးတို့ အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်လာခဲ့တာ ....
တကယ်ဘောလုံးကန်တာကတော့ ကြက်မွှေးဗျ ..ဟီ ..ဟိ။

Read More...

Thursday, May 15, 2008

မောင်သားစိုးရဲ့ Present Tense

သားစိုးငယ်ငယ်တုန်းက အင်္ဂလိပ်စာကို တော်တော်ညံ့တယ်ဗျ...(အဟီး.. အခုလည်းမတော်ပါဘူး)။ (၈)တန်းရောက်တဲ့အထိကို အင်္ဂလိပ်စာဆို အရမ်းကြောက်...။ ပြီးတော့ အင်္ဂလိပ်စာဆို ကျက်သာကျက်နေရတာ နားကိုမလည်ဘူး။
တစ်နေ့ အိမ်မှာ အင်္ဂလိပ်စာ အိမ်စာတွေလုပ်နေတုန်း အဖေကမေးတယ်ဗျ။ သားတဲ့ Present Tense ဆိုတာ ဘာလဲ...သိလားတဲ့ ။ နဂိုကတည်းကမှ အင်္ဂလိပ်စာ ညံ့ပါတယ်ဆိုမှ အဖေက ရုတ်တရက်ကြီးမေးလိုက်တော့ နည်းနည်းတော့ စဉ်းစားရတာပေါ့....။
Present နဲ့ပတ်သက်ပြီး စဉ်းစားလိုက်တာ ဘာကိုသွားပြီးမြင်သလဲဆိုတော့ .... လူရွှင်တော် မေတ္တာ နဲ့ ကွမ်းသီး ဟာသကို သွားမြင်တယ်ဗျာ ...။
ဟာသထဲမှာက မေတ္တာနဲ့ ကွမ်းသီးက တစ်ယောက်နဲ့ တစ်ယောက် အကြွားပြိုင်နေကြတာ။ မေတ္တာက ကွမ်းသီးကို မေးနေတာ .... ဟိုနေ့ကစီးလာတဲ့ မင်းရဲ့ ကားအသစ်ဘယ်ရောက်သွားလဲ ဆိုတော့ .... ကွမ်းသီးက ငါ့ညီမလေးမွေးနေ့ကို Present ပေးလိုက်တယ်လို့ဖြေတယ် ...။ မေတ္တာက ထပ်မေးပြန်ရော ... မင်းရဲ့ ရွှေရောင်နာရီလေးရောတဲ့... ကွမ်းသီးက ငါ့ တပည့်လေးကို Present ပေးလိုက်တယ်လို့ထပ်ဖြေတယ်ဗျာ.။
အဲ့ဒီဟာသကို ချက်ချင်းပြေးမြင်လိုက်မိပြီး ဝမ်းသာအားရနဲ့ အဖေ့ကိုပြန်ဖြေလိုက်တာ့ပေါ့ ... ဟဲ ..ဟဲ..ဟဲ ..။ Present Tense ဆိုတာ လက်ဆောင်ပေးတာကိုပြောတာ လို့ .... ။
သာစိုးက အင်္ဂလိပ်စာကို အဲ့လိုတော်တာ .....။

Read More...

Wednesday, May 14, 2008

တစ်ရွာလုံးနဲ့ တစ်ယောက်

ငယ်ငယ်တုန်းကဆို ကျွန်တော်က အရမ်းထူးချွန်တာဗျ ..... ကျောင်းမှာဆိုရင်လည်း အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယ နေရာတွေကို တစ်လှည့်ဆီ အပိုင်စားယူထားတာ (ကြွားတာမဟုတ်...တကယ်ပြောတာ)။ ကလေးချင်းကစားပြီဆိုရင်လည်း ဘာတန်းပဲ ကစား ကစား သားစိုးတို့က နိုင်ပြီးသား....။
သာရေကွင်းပစ် ... ဖိနပ်ပစ်၊ အရုပ်ပစ် ...နောက်ဆုံးဗျာ ... တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ပြီး လေးဂွချင်း ယှဉ်ပစ်ရင်တောင် (ကောင်းဘွိုင်တွေလိုပေါ့.....) သားစိုးတို့က အမြဲ အိမ်ကို အတိုင်ခံရတယ်... (သားစိုး ဂွနဲ့ ပစ်လိုက်လို့ ဟိုကောင် ထိပ်ပေါက်သွားတော့ ...သူ့မိဘတွေက အိမ်ကို လာတိုင်တာပေါ့)။ ပြီးရင်ပြောသွားလိုက်ကြသေးတယ် .... ဒီကောင်လေးက အရမ်းဆိုးတာတဲ့ ... ကလေးချင်း နှစ်ယောက်ယှဉ်ပြီး လေးဂွချင်းပစ်တာ ... သူတို့သားပစ်လိုက်လို့ သားစိုးကိုထိရင် ငါတို့သားလေးက ထိအောင်ပစ်နိုင်တယ်ဆိုပြီး ချီးမွမ်းကြဦးမယ် ..။ သားစိုးပစ်လိုက်လို့ မှန်သွားတော့ သားစိုး အဆိုးဖြစ်ရော ....။ ကဲ ဘယ်သူလွန်သလဲ... စဉ်းစားကြည့်ဗျာ..။
နောက်ရှိသေးတယ် .... သားရေကွင်းပစ်တို့၊ အရုပ်ထောင်ပစ်တာတို့ဆိုရင် သားစိုးတို့က အမြဲနိုင်နေတော့ ရပ်ကွက်ထဲကကောင်တွေက သားစိုး ဝင်ကစားမယ်ဆိုရင် အပါမခံဘူး...။ အဲ့ဒီတော့ သားစိုးကလည်း ကောင်းကောင်းမွန်ပြောပါတယ် ။ လျှော့ကစားပါ့မယ်လို့...။ ဒါတောင်လက်မခံဘူးဗျာ..။ ဒါနဲ့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားဆိုပြီး သားစိုးက (၃)ကြိမ် (၃)ခါ မေးတယ်......။ အားလုံးကလည်း (၃)ကြိမ် (၃)ခါလုံးကို နိုးပဲတဲ့....။
ဟဲ..ဟဲ ... သားစိုကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ...။ မပါရလည်းနေပေါ့ ... ဘေးကနေထိုင်ကြည့်နေလိုက်တယ် ...။ ပြီးရင် ကစားတဲ့ ကြေးပိုပိုပြီး များလာအောင် ဘေးကနေ မြှောက်ပေးတယ်ဗျာ.....။ ကြေးအများဆုံးဖြစ်ပြီဆိုမှ ထပ်မေးတယ် ...။ မင်းတို့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားလို့...။ အားလုံးကလည်း တစ်သံထဲပဲ ... (နိုး)ပါပဲတဲ့။
အဲ့လို (နိုး)ဆိုတာနဲ့ သားစိုးလည်း အဲ့ဒီအရုပ်ပုံ ...(သို့) သားရေကွင်းပုံကြီးကို တစ်ခါတည်းလုပြီးပြေးတော့တာပဲ .....။ ဟဲ..ဟဲ..ဟဲ...။ အဲ့ဒါ သားစိုးလွန်သလာဗျာ...... ။

Read More...

Tuesday, May 13, 2008

ကျွန်တော်သားစိုး (T.S)

မိဘတွေနဲ့စကားပြောတဲ့အခါ..ဒါမှမဟုတ် မိဘတွေဆီစာရေးတဲ့အခါ သူ့ကိုယ်သူ (အနော်...အနော်ကလေ)ဆိုပြီး ပြောပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်တော့မှာရှိတယ်ဗျ။ ဒီကောင်နဲ့က ညီအစ်ကိုအရင်းလို အရမ်းလည်းခင်တယ်။ ဒီကောင်က မိဘဆိုရင်လည်း အရမ်းကို သိတတ်တာ....။ ကျွန်တော်နဲ့ကတော့ ကွာပါ့ဗျာ....ဟဲ..ဟဲ..ဟဲ။
ကျွန်တော်ဆိုတဲ့ကောင်က အိမ်မှာ ပြန်မပြော နားမထောင်ကောင်မျိုး..... မိဘတွေ ဘာပြောပြော...ဘယ်လိုပဲ ဆူဆူ .... ကျွန်တော့်ကို ပြောနေတာ မဟုတ်ဘူးလို့ပဲ သဘောထားပြီးနေတော့ ပြောဆို ဆူပူရတဲ့ မိဘတွေလည်း ပြောချင်တာကို ကောင်းကောင်းမွန်မွန်ပြောရတော့ သူတို့လည်းစိတ်ချမ်းသာတာပေါ့။ (မိဘတွေကို စိတ်ချမ်းသာစေချင်လို့ပါ။)
ကျွန်တော့်အမြင်ကတော့ မိဘတွေဆူပူရလောက်အောင် ကျွန်တော်က မဆိုးမမိုက်ပါဘူးဗျာ။ မိဘတွေကိုက အစိုးရိမ်လွန်နေတာ။ ဘာပဲပြောပြော ကျွန်တော်ကတော့ မိဘတွေပြောချင်တာပြော ကျွန်တော်လည်း လုပ်ချင်ရာလုပ်ပဲ။ လုပ်ချင်ရာလုပ်ဆိုလို့ တစ်မျိုးတော့မထင်ကြနဲ့ . . ကျွန်တော်က ကိုယ့်ယူဆချက်နဲ့ မကိုက်ညီဘူးထင်ရင်တော့ မလုပ်ဘူး ။ ဒါပေမယ့် (၅)ပါးသီလတော့ လုံတယ်ဗျ။ လုပ်ချင်ရာလုပ်ဆိုတာက မိဘတွေက ရေမကူးရဘူးလို့ ကန့်သတ်ထားတယ်.... ကျွန်တော်က ရေကူးဆိုတာ တတ်ထားသင့်တယ်လို့ ယူဆတယ်.... အဲ့လိုအခါမျိုးကျရင် ကျွန်တော့်မှန်ကန်ချက်အတိုင်း လုပ်တတ်တာကိုပြောတာ..။

အဲ့ဒါတွေကျွန်တော်က သူငယ်ချင်းကိုပြောပြတော့ ဒီကောင်က ကျွန်တော့်ကို မင်းက သားဆိုးပဲဆိုပြီး ကျွန်တော့်ကို နာမည်ပြောင်(Nickname) သားစိုး(T.S) ဆိုပြီး ပေးတော့တာပဲ..(အဆိုတော် သားစိုးဆိုတာ ကျွန်တော့်နောက်မှပေါ်တာဗျ....ဟဲ..ဟဲ..ဟဲ)။

Read More...