Saturday, May 31, 2008

ဂတုံးသားစိုး

လူကြီးမိဘတွေက တစ်ခါတလေမှာ နားလည်ရတော်တော်ခက်တယ်ဗျ။ သားစိုးငယ်ငယ်တုန်းက (သူငယ်တန်းကနေ (၅)တန်းအထိ) အဒေါ်လင်မယားနဲ့ အတူနေခဲ့ရတာ...။ သားစိုးကိုလည်း အတော်လေးကိုချစ်ကြရှာပါတယ်..။ ချစ်လွန်းလို့ မျက်စိအောက်ကကို အပျောက်မခံဘူး...။ အဲ့လိုချစ်လွန်းတော့လည်း အချစ်ခံရတာကြီးကို တော်တော်လေးစိတ်ကုန်မိတယ်..။ တခါတလေကျရင် အဒေါ်သာ ငါ့ကို တော်တော်လေး မုန်းပြီး ကြည့်မရ ဖြစ်နေရင် ကောင်းမှာပဲလို့တောင် တွေးမိတာ။
ကဲ .. သားစိုး ဂတုံးဖြစ်ရတာလေးကို ပြောပြဦးမယ်..။
သားစိုးက ငယ်ငယ်တုန်းကဆိုရင် ဆံပင်ညှပ်ရင် ဘဲမြှီးပဲညှပ်တယ်.. ( ခေါင်းဖြီးရတာ အလုပ်ရှုပ်လို့)။ အဒေါ်က .. သားစိုးရေ ဆံပင်သွား ညှပ်ခဲ့ဆိုရင် လာမေးမနေနဲ့ ဘဲမြှီးပဲ ညှပ်ခဲ့တာ..။ တစ်ခါ နှစ်ခါတုန်းကတော့ အဒေါ်ကသဘောကျတာပေါ့ဗျာ။ ဘဲမြှီးကေဆိုတော့ ဆံပင်ညှပ်ခလည်း သက်သာတယ် .. ခဏခဏလည်း ဆံပင်မညှပ်ရဘူးပေါ့ (အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ်ဗျ..) ။ နောက်ပိုင်းကျတော့ သားစိုးရဲ့ ဘဲမြှီးကို အမြင်ကပ်လာရော။ နင့်မျက်နှာနဲ့ ဘဲမြှီးနဲ့ ကြည့်ရတာတော်တော်ဆိုးတယ်တဲ့...။ နောက်တစ်ခါ ဆံပင်ညှပ်ရင် ဘိုကေညှပ်ခဲ့တဲ့ ...။ သားစိုးကလည်း ဘိုကေကို ညှပ်ချင်ဘူးလို့ ..။ ဗိုလ်ချုပ်အောင်ဆန်းကေနဲ့တူတဲ့ ဘဲမြှီးပဲညှပ်ချင်တယ်လို့ ။ အဲ့လိုပြောတော့ အဒေါ်က ... အေး ..နင့်ဟာနင် ဘာကေပဲညှပ်ညှပ် ဘဲမြှီးမဟုတ်ရင်ပြီးတာပဲ ... ဘဲမြှီးညှပ်လာလိုကတော့ အသေပဲ လို့ဆိုပြီး ပြောရောဗျ..။ ဟဲ..ဟဲ..ဟဲ.. သားစိုးပဲလေ ..။ ကိုယ်လုပ်ချင်တာ မလုပ်ရလို့ကတော့ လုပ်လို့ရတာကို လုပ်ပစ်လိုက်တာပေါ့ ..။ ဘာကေမှကို မညှပ်ခဲ့ဘူး ..။ ဂတုံးပဲ တုံးခဲ့လိုက်တယ်။ ပိုတဲ့ ပိုက်ဆံ ၃မတ်ကိုလည်း ပြန်မပေးဘူးဗျာ..။ မုန့်ပါ ဝယ်စားပစ်လိုက်တာပေါ့..။
အဲ့ဒီကတည်းက စပြီး အဒေါ်က သားစိုးရဲ့ ဆံပင်ညှပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ဘူးဗျာ ...။ ဂတုံး(၁)လုံးရဲ့ အကျိုးအမြတ်တွေပေါ့ ... ဟဲ ..ဟဲ ..ဟဲ ။

Read More...

Wednesday, May 28, 2008

စာမေးပွဲရှိနေလို့ဗျို့

ပို့စ်အသစ်တွေတော့ ရေးပြီးတင်ချင်ပါတယ်။ စာမေးပွဲတွေရှိနေလို့ မရေးဖြစ်သေးတာ။ စာမေးပွဲက (၂)ဘာသာပဲ ဖြေပြီးသေးတယ်လေ။ ဖီလော်ဆော်ဖီ နဲ့ အင်္ဂလိပ်စာပဲ ဖြေပြီးသေးတာ။ အမှတ်တွေတော့ ပြောမပြတော့ပါဘူး ...။ ကြွားနေတယ်ထင်မှာစိုးလို့ ..ဟဲ..ဟဲ..ဟဲ။

Supervisor ရဲ့ စာမေးပွဲလေးကျန်နေသေးလို့ နည်းနည်းတော့ စာကြိုးစားချင်ယောင်ဆောင်လိုက်ဦးမယ်ဗျို့ ။

စာမေးပွဲပြီးမှပဲ .....

ဟဲ . . ဟဲ . . ဟဲ . . .

Read More...

Friday, May 23, 2008

မဆိုလိုက်ရတဲ့ အဆိုတော်သားစိုး

သားစိုးတို့ (၁၀)တန်းနှစ်တုန်းက ကျောင်းမှာ ဘုံကထိန်အလှူငွေအတွက် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကလေး လုပ်လိုက်သေးတယ်ဗျ။ သားစိုးတို့ကျောင်းအဝင် ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာ ဘောကြီးထောင်... (ဆိုကြမယ် ပျော်ကြမယ်) လို့ဆိုပြီး ရောင်စုံမြေဖြူ ပန်းစာလုံးတွေနဲ့ ရေးပြီးတောင် ကြော်ငြာလိုက်သေးသဗျာ။
သီချင်းဆိုချင်တယ်ဆိုရင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်နှုန်း နဲ့ အတွင်းရေးမှူး ဆရာလူပျိုကြီးဆီကို စာရင်းပေးရတာ။ အဆိုတော်ဖြစ်ဖို့ အခွင့်ကောင်းပေပဲပေါ့ဗျာ။ သူငယ်ချင်းတွေကလည်း သားစိုးကို အားပေးကြတယ်ဗျ။ ဆိုသာဆို ... သီချင်းဖိုး(၅၀)ကိုတောင် သူတို့စိုက်ပေးဦးမှာတဲ့။ ပြီးရင် စင်ပေါ်တက်ပြီး ပန်းကုံးတောင် တက်စွပ်ပေးကြဦးမှာဆိုပဲ။
ဒါနဲ့ သားစိုးလဲ ဆိုမယ်ကွာဆိုပြီး စာရင်းပေးလိုက်တာပေါ့။ ဂီတာတီးတတ်တဲ့ သူငယ်ချင်းတွေကလည်း ကျောင်းကို ဂီတာတွေယူလာကြပြီး သားစိုးအတွက် သီချင်းရွေးပေး ..သီချင်းတိုက်ပေးတာတွေ အားတက်သရော လုပ်ပေးကြတာဗျ။ သားစိုးလည်း အတန်းထဲမှာ အပီအပြင်ကို အဆိုတော်ဖြစ်ဖို့အရေး လေ့ကျင့်တာ ... နားထောင်ရတဲ့လူတွေ နားမခံသာအောင်ပါပဲ .. ဟဲ.. ဟဲ ..ဟဲ ။
ဒီလိုနဲ့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်လုပ်ဖို့ (၂)ရက်အလိုမနက်ပေါ့ဗျာ .... သားစိုးက ကျောင်းနောက်ကျနေလို့ အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး အတန်းထဲကိုရောက်တော့ သူငယ်ချင်းတွေက သားစိုးကို စိတ်မကောင်းတဲ့လေသံနဲ့ သတင်းတစ်ခု ပြောကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကို နမိတ်မကောင်းဘူးဆိုပြီး မလုပ်တော့ဘူးတဲ့ ....။ ဟေ ... ဘယ်လိုဖြစ်တာလဲဟ ဆိုတော့ ... ။ သိချင်ရင် ကြော်ငြာဘုတ်ကိုပဲ သွားပြန်ကြည့်တော့တဲ့ ....။
ဒါနဲ့ သားစိုးလည်း ကြော်ငြာဘောကြီးကို သွားပြေးကြည့်တော့ ။
အား ပါး ပါး .. သွားပါပြီးဗျာ .. သားစိုးရဲ့ အဆိုတော်ဖြစ်မယ့် မျှော်လင့်ချက်လေး ဘယ်သူမှန်းမသိတဲ့ တေလေဂျပိုးလေး လက်ကမြင်းလို့ ပျက်သွားပါပေါ့...။
ကြော်ငြာဘောမှာ ရေးသွားတာက ( သေကြမယ် ငိုကြမယ် ) တဲ့ ... ကောင်းရောဗျာ ။

Read More...

Tuesday, May 20, 2008

ပူးကလေး မောင်ပေတူး

ပေတူးကို မနေ့(၁၉-မေ-၂၀၀၈)တုန်းက Exhibition Center (ВВЦ) ကနေအပြန် လမ်းမှာ ကျောင်းသူချောချောလေးတစ်ယောက်က ရောင်းနေတာတွေ့လို့ ချစ်စရာကောင်းတာနဲ့ ဝယ်လာတာ..(ပူးလေးက ချစ်စရာကောင်းတာကို ပြောတာပါ...)။ ဒီကောင်လေးက အမြဲချောင်ပဲ တိုးနေတာဗျ။ ပြီးတော့ သူအီးအီးပါရင်လည်း ထောင့်လေးတစ်ခုမှာစုပြီးပါတယ် ။ သေးပေါက်ရင်လည်း အဲ့ဒီနေရာမှာပဲ။ ဒါပေမယ့် ဆိုးတာတစ်ခုက သူ့အီးပုံပေါ်မှာ သူ ပြန်တက်ထိုင်နေတာပဲ။ အဲ့ဒီလို အီးတွေ သေးတွေနဲ့ ပေတေနေလို့ သားစိုးက ပူးလေးကို (ပူးတေ) ပေတူးလို့ နာမည်ပေးထားတာ.... ပေတူးလေးကိုမြင်ဖူးရအောင်လို့ သူ့ဓါတ်ပုံတွေတင်ပေးလိုက်ပါတယ်ဗျာ .... ။

ပေတူး




ပေတူးရဲ့ မူရင်းမာမီ

Read More...

Monday, May 19, 2008

သားစိုးရဲ့ စာကျက်နည်းသစ် ....

သားစိုး(၈)တန်းနှစ်တုန်းက ဂုဏ်ထူး(၃)ဘာသာနဲ့ စာမေးပွဲအောင်ခဲ့တာ...(ယုံချင် ယုံ ...မယုံချင် နေ..)။ အဲ့ဒီလိုဂုဏ်ထူးတွေနဲ့ အောင်ရအောင် သားစိုးကျက်ခဲ့တဲ့ စာကျက်နည်းလေးကို မသိချင်ဘူးလား ...။ ပြောမယ် ..ဒီလိုဗျ။

သားစိုးတို့စာမေးပွဲချိန်က မနက်ပိုင်းဖြေရတာ ။ သားစိုးက မြန်မာစာဖြေရတဲ့နေ့မှာ သိပ်ပြီးမဖြေလိုက်ရဘူးဗျ... အချိန်မလောက်လို့လေ။
စာမေးပွဲပြီးလို့ အိမ်လည်းရောက်ရော စိတ်ညစ်ညစ်နဲ့ သားစိုးတို့ ရပ်ကွက်နောက်က ထန်းတောထဲသွားပြီး ထန်းရည်ခါးခါးလေး မြူဝက်လောက်သောက်ပစ်လိုက်တယ် (သားစိုးတို့မိဘတွေက သားစိုးကို ထန်းရည်သောက်တာကိုတော့ ခွင့်ပြုထားတယ်ဗျ .. ထန်းရည်ချိုပဲ သောက်ခွင့်ပြုတာနော် ....ဟဲ.. ဟဲ .)။ သောက်ပြီးလို့ အိမ်ပြန်ရောက်တော့ နည်းနည်းတော့ ဉာဏ်များရတယ်ဗျ။ တော်ကြာနေ ထန်းရည်သောက်လို့ မူးနေတာကိုသိရင် နောက်ဆိုမသောက်ရတော့မှာစိုးလို့လေ...။ ပြီးတော့ နောက်နေ့တွေကိုက စာမေးပွဲဆက်ဖြေရဦးမှာဆိုတော့ အိပ်ပျော်သွားပြီး စာကျက်ပျက်လို့ကလည်း မဖြစ်သေးဘူးဗျ။ အဲ့ဒီတော့ စာကျက်တာ အမေတို့ မြင်ကွင်းရှေ့မှာ ကျက်လို့တော့ မဖြစ်တော့ဘူး ။
သားစိုးအိပ်ခန်းရဲ့ ပြတင်းပေါက်ဘေးမှာ သားစိုးတို့ အိမ်ခေါင်မိုးကိုကျော်အောင်ပေါက်နေတဲ့ ကန္တာရဆူးပင်ကြီးရှိတယ်ဗျ။ ဒီအပင်ပေါ်မှာက သားစိုးအမြဲတက်ပြီး ဆော့နေကြ..။ အပင်ပေါ်မှာ ထိုင်လို့ရအောင်လည်း လုပ်ထားပြီးသားလေ။ အဲ့...သားစိုးအကြံတစ်ခုရလိုက်တယ်။ အဲ့ဒီ အပင်ပေါ်တက်ပြီးကျက်ရင် သားစိုးထန်းရည်မူးနေတာကို အမေတို့လည်း မရိပ်မိတော့ဘူး။ အိပ်ပျော်ရင် အပင်ပေါ်ကလိမ့်ကျမှာဆိုတော့ အိပ်ပျော်မှာကိုလည်း မပူရတော့ဘူး.. စာကျက်လည်း မပျက်တော့ဘူးပေါ့ဗျာ..။
အဲ့လိုနည်းနဲ့ စာကို အော်ပြီးကျက်တာ အရင်နေ့က (၃)ခေါက် (၄)ခေါက်လောက်ကျက်မှရတဲ့စာက (၂)ခေါက်လောက်နဲ့ကို ကောင်းကောင်းအလွတ်ရနေတယ်ဗျာ ...။ စာမေးပွဲမှာလည်း လုံးဝကို မမေ့ဘူး...။ နောက်နေ့တွေလည်း အဲ့ဒီအတိုင်းပဲလုပ်ပြီး စာကျက်တာ.... အဲ့ဒီနှစ် (၈)တန်းကို သားစိုးတို့ရပ်ကွက်ထဲမှာ သားစိုးက (၃)ဘာသာ ဂုဏ်ထူး ... ဂုဏ်ထူးအများဆုံးနဲ့အောင်တာ... ။ ရပ်ကွက်ရုံးကဆုချတဲ့ ဂုဏ်ထူး(၁)ဘာသာ (၃၀၀)ကျပ် နှုန်းနဲ့ ဆုငွေ (၉၀၀)ကျပ်တောင် သားစိုးရလိုက်သေးသဗျာ ... ဟဲ.. ဟဲ.. ဟဲ ..။

Read More...

Sunday, May 18, 2008

အကြံပိုင်သူ

သားစိုးတို့ (၉)တန်းနှစ်မှာ သားစိုးတို့ အခန်းထဲကို ဖုန်းကြီးဆိုပြီး သားစိုးတို့က နာမည်ပေးထားတဲ့ သူငယ်ချင်းတစ်ယောက် ပြောင်းလာတယ်...။ ဒီကောင်က ကျောက်မဲကနေ (၉)တန်းကျလို့ဆိုပြီး သူ့အိမ်က နှင်ချလိုက်လို့ သားစိုးတို့ ကျောင်းကို ပြောင်းလာတာ..။ နေတာကတော့ သားစိုးတို့ ကျောင်းရှိတဲ့ မြို့ကနေ(၅)မိုင်လောက်ဝေးတဲ့နေရာက မြို့သစ်က ဦလေးအိမ်မှာနေတာဗျ။ ကျောင်းကို လိုင်းကားနဲ့ အသွားအပြန်လုပ်တယ်။ အဲ့ဒီတုန်းက လိုင်းကားခက (၅)ကျပ်ပဲရှိတယ်။ ဖုန်းကြီးက နည်းနည်းတော့ ဗရုတ်ကျပေမယ့် ခင်ဖို့တော့ အရမ်းကောင်းတယ်ဗျ ..။
သားစိုးတို့ကျောင်းမှာက တနင်္လာနေ့တိုင်း Assembly ရှိတယ် ။ Assembly မှာ အရင်ဆုံး ကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူး တို့ ...ဘာတို့ ..ညာတို့က အရင်ဆုံး ကျောင်းသားတွေကို သြဝါဒချွေတယ် ။ သူတို့ပြီးမှ ကျောင်းအုပ်ဆရာမကြီးက သြဝါဒချွေတာ..။ အဲ့ဒါတွေအားလုံးပြီးရင် မနက်ပိုင်းစာသင်ချိန်(၂)ချိန်လောက်က အေးအေးဆေးဆေး ကုန်သွားရောဗျ။
အဲ့ဒီလိုမျိုးAssembly လုပ်တဲ့တစ်နေ့မှာဗျာ ...ထုံးစံအတိုင်းကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူးဖြစ်တဲ့ ဆရာလူပျိုကြီးက ကျောင်းသားတွေကို သြဝါဒချွေပါလေရော ...။ အဲ့ဒီဆရာသြဝါဒချွေရင် (အားလုံးကြားလား...အားလုံးကြားလား )ဆိုပြီး ခဏခဏမေးတတ်ပြီး သူသြဝါဒချွေချိန်ဆို သားစိုးတို့ (ကြားပါတယ်ခင်ဗျား ...ကြားပါတယ်ခင်ဗျား..)ပဲ ခဏခဏဖြေရလို့ တော်တော်လေးစိတ်လေတယ်ဗျ ။ အဲ့လိုကျောင်းသားတွေအကုန်လုံး ဖြေရတာကို စိတ်လေနေတုန်း ဆရာက ထပ်ပြီးမေးပြန်ရောဗျာ ။ အားလုံးက မဖြေချင်ဖြေချင်နဲ့ တိုးတိုးလေးပဲဖြေတယ်။
ဒါပေမယ့် သားစိုးတို့ရဲ့ ဘော်ဒါကြီး ဖုန်းကြီးကတော့ အားကျိုးမာန်တက် တစ်ယောက်တည်း အကျယ်ကြီး အော်ပြီးဖြေလိုက်တာဗျ (ကြားပါတယ် ခင်ဗျား ...) ဆိုပြီး ..။ ကျန်တဲ့သူတွေအားလုံးက တိုးတိုးလေးဖြေချိန်မှာ ဒီကောင့်အသံကြီးတစ်ခုတည်း ဟိန်းပြီးထွက်လာတာပေါ့။ အားလုံးကလည်း ဖုန်းကြီးဆီကိုပဲ အကြည့်တွေက အကုန်ရောက်ကုန်တယ် ။ ပြီးတော့မှ ကျောင်းသား ကျောင်းသူတွေအားလုံး ၀ိုင်းပြီး ရယ်ကြတာပေါ့။ အဲ့ဒီလို ၀ိုင်းလည်းရယ်ကြရော ဆရာလူပျိုကြီးက သူ့ကိုတမင် ပြောင်တယ်ထင်ပြီး ဖုန်းကြီးကို မဲပါလေရော ။ ခုနက (ကြားပါတယ်ဆိုတဲ့ကောင် ရှေ့ကိုထွက်ခဲ့ဆိုပြီးခေါ်ရောဗျ ။ ဖုန်းကြီးကလည်း ခပ်တည်တည်ပဲ ထွက်သွားတယ် ။ ဖုန်းကြီးအရှေ့ကိုလည်း ရောက်သွားရော ဆရာက ... ဖုန်းကြီးလွယ်အိတ်ထဲက ဖုန်းကြီးနာမည်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ယူထားပြီး ..မင်း ပြီးရင် ရုံးခန်းကို လာခဲ့လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။
Assembly လည်းပြီးရော ဖုန်းကြီးတို့ ရုံးခန်းကို ဒိုးရတော့ပေါ့။ ဖုန်းကြီးဆိုတဲ့ကောင် ဒီတစ်ခါတော့ မလွယ်ဘူးဟေ့ ဆိုပြီး အခန်းထဲကလူတွေက ဒီကောင့်ကို သနားတောင် သနားနေမိသေးတာဗျ ။ ဒီကောင်လည်းပြန်လာရော အားလုံးက ၀ိုင်းမေးတာပေါ့။ ဟေ့ကောင်... အခြေအနေဘယ်လိုလဲဟလို့ ဆိုတော့ .... ဖုန်းကြီးက စပ်ဖြီးဖြီးနဲ့ မုန့်ဖိုးတောင် (၁၀)ကျပ် ပေးလိုက်သေးတယ်ဗျ တဲ့...။ ဟေ ..မင်းဘယ်လိုပြောလိုက်လို့လဲဟလို့ ဆိုတော့ .. ဆရာက ငါ့ကိုမေးတယ် ... ဘာသဘောနဲ့ အဲ့လိုအော်တာလဲတဲ့ .... ငါကလည်း ဆရာကမေးတာကို ကျန်တဲ့လူတွေက တိုးတိုးလေးပဲ ဖြေနေတော့ ဆရာ့ကို အားနာလာလို့ ကျွန်တော်တစ်ယောက်တည်း အကျယ်ကြီး ဖြေလိုက်တာပါလို့ပြောလိုက်တယ်ကွာ ..ပြီးတော့ ငါ့ကို နည်းနည်းပါးပါး သြဝါဒ ပေးပြီးတော့ နောက်မလုပ်နဲ့ဆိုပြီး ပြန်လွှတ်တယ်။ ပြန်ခါနီးကျတော့ ငါက .. ဆရာယူသွားတဲ့ ကျွန်တော့်စာအုပ်လေးပြန်ပေးပါဦးဆရာလို့ ပြောတော့မှ ဆရာက သတိရလာပြီး ငါ့စာအုပ်ကို ပြန်ပေးတယ် ။ ဆရာလည်းစာအုပ် ပြန်ပေးရော ငါလည်း စာအုပ်ကို ဟိုလှန် ဒီလှန် လုပ်ကြည့်ပြီး .... ဆရာ.. ဒီစာအုပ်ကြားထဲမှာထည့်ထားတဲ့ ကျွန်တော့်(၅)ကျပ်တန်လေး မတွေ့မိဘူးလားလို့ မေးလိုက်တော့ ဆရာကပြာပြာသလဲနဲ့ ...ဟေ .. မတွေမိပါဘူးဟ..ဆိုပြီးဖြေတယ် ... ငါကလည်း ဘယ်ရမလဲ ... အဲ့ဒီ (၅)ကျပ်က ကျွန်တော့်အပြန်လမ်းစရိတ်လေး။ အခုအဲ့ဒါမရှိတော့ရင် ညနေကျောင်ဆင်းရင် အိမ်ကိုလမ်းလျှောက်ပြီး ပြန်ရတော့မယ်ထင်တာပါပဲဆိုပြီး ... မျက်နှာသေလေးနဲ့ ဆရာ့ကို လုပ်ပြလိုက်တယ်။ ငါအဲ့လိုပြောနေတုန်းမှာ ဘေးနားမှာက ဆရာမလေးတွေ (၂)ယောက် (၃)ယောက်လောက်ရှိတယ်ဟ...။ ဆရာက ..မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွတဲ့ ... ငါကလည်း ...ကျွန်တော့်ကို အိမ်က တစ်နေ့ကို မုန့်ဖိုး (၁၅)ကျပ်ပဲပေးတာ။ လမ်းစရိတ်ကိုလည်း အဲ့ဒီထဲကနေပဲသုံးရတာလို့ပြောပြီး ... ညနေတော့ လမ်းလျှောက်ပြန်ရလို့ အိမ်ပြန်နောက်ကျရင် အိမ်က ကျွန်တော့်ကို ရိုက်တော့မှာဗျလို့ဆိုပြီး ငိုပြလိုက်တာပေါ့။ အဲ့ဒီတော့မှ ဆရာက ကဲ..ကဲ..ငိုမနေနဲ့တော့ ဆိုပြီး ... သူ့အိတ်ကပ်ထဲကနေ (၁၀)တန်တစ်ရွက် ထုတ်ပေးတယ်... ငါက ပြန်အမ်းရဦးမှာလားဆရာလို့မေးလိုကတော့ .. ဆရာက ပိုတဲ့ဟာကို မင်းမုန့်ဖိုးယူလိုက်ဆိုပြီး ပြန်လွှတ်လိုက်တာဗျာလို့ ဖုန်းကြီးက ဖြေတယ်ဗျ။
အဲ့ဒီတော့ သားစိုးတို့ကလည်း မင်းပိုက်ဆံက စာအုပ်ထဲကို တကယ်ထည့်ထားလို့လား လို့ဆိုတော့ .... ဖုန်းကြီးက .. ဟဲ ..ဟဲ..ဟဲ လို့ရယ်ပြီး ... ပိုက်ဆံဆိုမှတော့ စာအုပ်ထဲထည့်ထားစရာလား.. ပိုက်ဆံအိတ်ထဲပဲထည့်ထားတာပေါ့ ..ထည့်ချင်းထည့် ကွန်ဖာဗူးထဲပဲထည့်မှာပေါ့ဟဆိုပြီး အောင်နိုင်သူကြီးအပြုံးမျိုးနဲ့ ပြုံးဖြီးဖြီးလုပ်နေတယ်ဗျာ..။
ကဲ .. အကြံမပိုင်ပေဘူးလား... အဲ့ဒါ သားစိုးရဲ့သူငယ်ချင်းပေါ့ ...ဟဲ ..ဟဲ...ဟဲ..။

Read More...

Saturday, May 17, 2008

ကျောင်းလက်ရွေးစင်ဘောလုံးသမား သားစိုး

သားစိုးက ခေသူတော့မဟုတ်ဘူးနော်....။ အင်္ဂလိပ်စာညံ့တာကို ကြောင်းပြုပြီး အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားတောင် ဖြစ်သွားလိုက်သေးတယ် ... ဟဲ ..ဟဲ ..ဟဲ။
ထင်ပေါ်လို့ စင်တော်ကကောက်ခဲ့ပုံက ဒီလိုဗျ ။
သားစိုး (၈)တန်းနှစ်ကပေါ့ ..။ သားစိုးတို့ သူငယ်ချင်းအုပ်စုထဲမှာ ကြက်မွှေးလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။ သားစိုးနဲ့က အတန်းထဲမှာ ရှေ့နောက် ခုံချင်းကပ်လျက်ထိုင်တာ။ ဒီကောင်က ဘောလုံးကန်ဆို အရမ်းဝါသနာပါတာ...။ သားစိုးတို့လည်း ဘောလုံးကန်တာကို ၀ါသနာပါတာပါပဲ ။ ကျောင်းမှာ အသင်းလေးသင်းကနေ မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက်လူရွေးတာ .... သားစိုးက အနီသင်းကနေ နာမည်စာရင်းပေးလိုက်တယ်။ ကြက်မွှေးကတော့ အဝါသင်းက ။ အသင်းလေးသင်းက (၁)ရက်စီ အလှည့်ကျ လူရွေးတာဆိုတော့ (၀ါ၊ စိမ်း၊ နီ၊ ပြာ)အစဉ်လိုက်အတိုင်း ကြက်မွှေးက အရင်သွားအရွေးခံရတယ် ... ။ ကံဆိုးချင်တော့ သူတို့ အဝါ အသင်းမှာက ဘောလုံးမှာ သူ့ထက်ငါ ဆရာတွေချည်းဆိုတော့ ကြက်မွှေးတစ်ယောက် အရွေးမခံရဘူး ... ။
သားစိုးတို့ အနီသင်းနေ့ရောက်တော့ အတန်းချိန်ကြီးမှာ အားကစားဆရာက အခန်းထဲကိုလာပြီး နာမည်စာရင်းလာဖတ်ပြသွားတယ် ။ ဘောလုံးကွင်းကိုလာခဲ့ပါတဲ့ ...။
နာမည်စာရင်းလာခေါ်တဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အင်္ဂလိပ်စာသင်နေတဲ့အချိန်ဖြစ်နေတယ်ဗျာ...။ သားစိုးကလည်း အင်္ဂလိပ်စာ သိပ်မလိုက်နိုင်တော့ အဲ့ဒီအချိန်ကို အတန်းမပျက်ချင်တာနဲ့ ဘောလုံးသွားမကန်တော့ဘူးဆိုပြီး အတန်းထဲကနေ မထပဲထိုင်နေလိုက်တယ်...။
အဲ့လိုနေတော့ ကြက်မွှေးက သားစိုးကို တိုးတိုးလေး လာပြောတယ် ...။ ဟေ့ကောင်တဲ့ မင်းသွားမကန်ဘူးလားတဲ့ ....။ သားစိုးကလည်း ..အေး ...လို့ ... ငါ အင်္ဂလိပ်စာသိပ်မရလို့ကွ လို့ .. မကန်တော့ဘူးကွာလို့ ပြောလိုက်တော့ ... ဒီကောင်က မျက်နှာချိုလေးနဲ့ ..မင်းအစား ငါသွားကန်လိုက်မယ်လေတဲ့ ...။ ဖြစ်ပါ့မလားဟ လို့ ဆိုတော့ ... ။ ဖြစ်ပါတယ်ကွာတဲ့ ... ငါအရွေးခံရအောင်ကန်ခဲ့မယ်တဲ့ ဆိုပြီး သားစိုးဆိုတဲ့ နာမည်နဲ့ပဲသွားကန်တာ ... အားကစားဆရာကလည်း သားစိုးကိုရော ဒီကောင့်ကိုရော မသိဆိုတော့ ...ကံကောင်းချင်တော့ အဲ့ဒီနေ့ အရွေခံရတယ်ဗျာ....။ နောက်နေ့တွေလည်း အတန်းထဲမှာ သားစိုးဆိုပြီး လာခေါ်တိုင်း ဒီကောင်ပဲ ထပြီး ဘောလုံးသွားကန်နေတော့ ဆရာမတောင်မှ မျက်စိလည်နေတယ် ... ဘယ်သူက သားစိုးမှန်းမသိဖြစ်နေတာ ။
အဲ့လိုနဲ့ပဲ သားစိုးဆိုတဲ့ နာမည်က မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပွဲမှာ သားစိုးတို့ အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်လာခဲ့တာ ....
တကယ်ဘောလုံးကန်တာကတော့ ကြက်မွှေးဗျ ..ဟီ ..ဟိ။

Read More...

Thursday, May 15, 2008

မောင်သားစိုးရဲ့ Present Tense

သားစိုးငယ်ငယ်တုန်းက အင်္ဂလိပ်စာကို တော်တော်ညံ့တယ်ဗျ...(အဟီး.. အခုလည်းမတော်ပါဘူး)။ (၈)တန်းရောက်တဲ့အထိကို အင်္ဂလိပ်စာဆို အရမ်းကြောက်...။ ပြီးတော့ အင်္ဂလိပ်စာဆို ကျက်သာကျက်နေရတာ နားကိုမလည်ဘူး။
တစ်နေ့ အိမ်မှာ အင်္ဂလိပ်စာ အိမ်စာတွေလုပ်နေတုန်း အဖေကမေးတယ်ဗျ။ သားတဲ့ Present Tense ဆိုတာ ဘာလဲ...သိလားတဲ့ ။ နဂိုကတည်းကမှ အင်္ဂလိပ်စာ ညံ့ပါတယ်ဆိုမှ အဖေက ရုတ်တရက်ကြီးမေးလိုက်တော့ နည်းနည်းတော့ စဉ်းစားရတာပေါ့....။
Present နဲ့ပတ်သက်ပြီး စဉ်းစားလိုက်တာ ဘာကိုသွားပြီးမြင်သလဲဆိုတော့ .... လူရွှင်တော် မေတ္တာ နဲ့ ကွမ်းသီး ဟာသကို သွားမြင်တယ်ဗျာ ...။
ဟာသထဲမှာက မေတ္တာနဲ့ ကွမ်းသီးက တစ်ယောက်နဲ့ တစ်ယောက် အကြွားပြိုင်နေကြတာ။ မေတ္တာက ကွမ်းသီးကို မေးနေတာ .... ဟိုနေ့ကစီးလာတဲ့ မင်းရဲ့ ကားအသစ်ဘယ်ရောက်သွားလဲ ဆိုတော့ .... ကွမ်းသီးက ငါ့ညီမလေးမွေးနေ့ကို Present ပေးလိုက်တယ်လို့ဖြေတယ် ...။ မေတ္တာက ထပ်မေးပြန်ရော ... မင်းရဲ့ ရွှေရောင်နာရီလေးရောတဲ့... ကွမ်းသီးက ငါ့ တပည့်လေးကို Present ပေးလိုက်တယ်လို့ထပ်ဖြေတယ်ဗျာ.။
အဲ့ဒီဟာသကို ချက်ချင်းပြေးမြင်လိုက်မိပြီး ဝမ်းသာအားရနဲ့ အဖေ့ကိုပြန်ဖြေလိုက်တာ့ပေါ့ ... ဟဲ ..ဟဲ..ဟဲ ..။ Present Tense ဆိုတာ လက်ဆောင်ပေးတာကိုပြောတာ လို့ .... ။
သာစိုးက အင်္ဂလိပ်စာကို အဲ့လိုတော်တာ .....။

Read More...

Wednesday, May 14, 2008

တစ်ရွာလုံးနဲ့ တစ်ယောက်

ငယ်ငယ်တုန်းကဆို ကျွန်တော်က အရမ်းထူးချွန်တာဗျ ..... ကျောင်းမှာဆိုရင်လည်း အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယ နေရာတွေကို တစ်လှည့်ဆီ အပိုင်စားယူထားတာ (ကြွားတာမဟုတ်...တကယ်ပြောတာ)။ ကလေးချင်းကစားပြီဆိုရင်လည်း ဘာတန်းပဲ ကစား ကစား သားစိုးတို့က နိုင်ပြီးသား....။
သာရေကွင်းပစ် ... ဖိနပ်ပစ်၊ အရုပ်ပစ် ...နောက်ဆုံးဗျာ ... တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ပြီး လေးဂွချင်း ယှဉ်ပစ်ရင်တောင် (ကောင်းဘွိုင်တွေလိုပေါ့.....) သားစိုးတို့က အမြဲ အိမ်ကို အတိုင်ခံရတယ်... (သားစိုး ဂွနဲ့ ပစ်လိုက်လို့ ဟိုကောင် ထိပ်ပေါက်သွားတော့ ...သူ့မိဘတွေက အိမ်ကို လာတိုင်တာပေါ့)။ ပြီးရင်ပြောသွားလိုက်ကြသေးတယ် .... ဒီကောင်လေးက အရမ်းဆိုးတာတဲ့ ... ကလေးချင်း နှစ်ယောက်ယှဉ်ပြီး လေးဂွချင်းပစ်တာ ... သူတို့သားပစ်လိုက်လို့ သားစိုးကိုထိရင် ငါတို့သားလေးက ထိအောင်ပစ်နိုင်တယ်ဆိုပြီး ချီးမွမ်းကြဦးမယ် ..။ သားစိုးပစ်လိုက်လို့ မှန်သွားတော့ သားစိုး အဆိုးဖြစ်ရော ....။ ကဲ ဘယ်သူလွန်သလဲ... စဉ်းစားကြည့်ဗျာ..။
နောက်ရှိသေးတယ် .... သားရေကွင်းပစ်တို့၊ အရုပ်ထောင်ပစ်တာတို့ဆိုရင် သားစိုးတို့က အမြဲနိုင်နေတော့ ရပ်ကွက်ထဲကကောင်တွေက သားစိုး ဝင်ကစားမယ်ဆိုရင် အပါမခံဘူး...။ အဲ့ဒီတော့ သားစိုးကလည်း ကောင်းကောင်းမွန်ပြောပါတယ် ။ လျှော့ကစားပါ့မယ်လို့...။ ဒါတောင်လက်မခံဘူးဗျာ..။ ဒါနဲ့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားဆိုပြီး သားစိုးက (၃)ကြိမ် (၃)ခါ မေးတယ်......။ အားလုံးကလည်း (၃)ကြိမ် (၃)ခါလုံးကို နိုးပဲတဲ့....။
ဟဲ..ဟဲ ... သားစိုကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ...။ မပါရလည်းနေပေါ့ ... ဘေးကနေထိုင်ကြည့်နေလိုက်တယ် ...။ ပြီးရင် ကစားတဲ့ ကြေးပိုပိုပြီး များလာအောင် ဘေးကနေ မြှောက်ပေးတယ်ဗျာ.....။ ကြေးအများဆုံးဖြစ်ပြီဆိုမှ ထပ်မေးတယ် ...။ မင်းတို့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားလို့...။ အားလုံးကလည်း တစ်သံထဲပဲ ... (နိုး)ပါပဲတဲ့။
အဲ့လို (နိုး)ဆိုတာနဲ့ သားစိုးလည်း အဲ့ဒီအရုပ်ပုံ ...(သို့) သားရေကွင်းပုံကြီးကို တစ်ခါတည်းလုပြီးပြေးတော့တာပဲ .....။ ဟဲ..ဟဲ..ဟဲ...။ အဲ့ဒါ သားစိုးလွန်သလာဗျာ...... ။

Read More...

Tuesday, May 13, 2008

ကျွန်တော်သားစိုး (T.S)

မိဘတွေနဲ့စကားပြောတဲ့အခါ..ဒါမှမဟုတ် မိဘတွေဆီစာရေးတဲ့အခါ သူ့ကိုယ်သူ (အနော်...အနော်ကလေ)ဆိုပြီး ပြောပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်တော့မှာရှိတယ်ဗျ။ ဒီကောင်နဲ့က ညီအစ်ကိုအရင်းလို အရမ်းလည်းခင်တယ်။ ဒီကောင်က မိဘဆိုရင်လည်း အရမ်းကို သိတတ်တာ....။ ကျွန်တော်နဲ့ကတော့ ကွာပါ့ဗျာ....ဟဲ..ဟဲ..ဟဲ။
ကျွန်တော်ဆိုတဲ့ကောင်က အိမ်မှာ ပြန်မပြော နားမထောင်ကောင်မျိုး..... မိဘတွေ ဘာပြောပြော...ဘယ်လိုပဲ ဆူဆူ .... ကျွန်တော့်ကို ပြောနေတာ မဟုတ်ဘူးလို့ပဲ သဘောထားပြီးနေတော့ ပြောဆို ဆူပူရတဲ့ မိဘတွေလည်း ပြောချင်တာကို ကောင်းကောင်းမွန်မွန်ပြောရတော့ သူတို့လည်းစိတ်ချမ်းသာတာပေါ့။ (မိဘတွေကို စိတ်ချမ်းသာစေချင်လို့ပါ။)
ကျွန်တော့်အမြင်ကတော့ မိဘတွေဆူပူရလောက်အောင် ကျွန်တော်က မဆိုးမမိုက်ပါဘူးဗျာ။ မိဘတွေကိုက အစိုးရိမ်လွန်နေတာ။ ဘာပဲပြောပြော ကျွန်တော်ကတော့ မိဘတွေပြောချင်တာပြော ကျွန်တော်လည်း လုပ်ချင်ရာလုပ်ပဲ။ လုပ်ချင်ရာလုပ်ဆိုလို့ တစ်မျိုးတော့မထင်ကြနဲ့ . . ကျွန်တော်က ကိုယ့်ယူဆချက်နဲ့ မကိုက်ညီဘူးထင်ရင်တော့ မလုပ်ဘူး ။ ဒါပေမယ့် (၅)ပါးသီလတော့ လုံတယ်ဗျ။ လုပ်ချင်ရာလုပ်ဆိုတာက မိဘတွေက ရေမကူးရဘူးလို့ ကန့်သတ်ထားတယ်.... ကျွန်တော်က ရေကူးဆိုတာ တတ်ထားသင့်တယ်လို့ ယူဆတယ်.... အဲ့လိုအခါမျိုးကျရင် ကျွန်တော့်မှန်ကန်ချက်အတိုင်း လုပ်တတ်တာကိုပြောတာ..။

အဲ့ဒါတွေကျွန်တော်က သူငယ်ချင်းကိုပြောပြတော့ ဒီကောင်က ကျွန်တော့်ကို မင်းက သားဆိုးပဲဆိုပြီး ကျွန်တော့်ကို နာမည်ပြောင်(Nickname) သားစိုး(T.S) ဆိုပြီး ပေးတော့တာပဲ..(အဆိုတော် သားစိုးဆိုတာ ကျွန်တော့်နောက်မှပေါ်တာဗျ....ဟဲ..ဟဲ..ဟဲ)။

Read More...