သားစိုးတို့ (၉)တန်းနှစ်မှာ သားစိုးတို့ အခန်းထဲကို ဖုန်းကြီးဆိုပြီး သားစိုးတို့က နာမည်ပေးထားတဲ့ သူငယ်ချင်းတစ်ယောက် ပြောင်းလာတယ်...။ ဒီကောင်က ကျောက်မဲကနေ (၉)တန်းကျလို့ဆိုပြီး သူ့အိမ်က နှင်ချလိုက်လို့ သားစိုးတို့ ကျောင်းကို ပြောင်းလာတာ..။ နေတာကတော့ သားစိုးတို့ ကျောင်းရှိတဲ့ မြို့ကနေ(၅)မိုင်လောက်ဝေးတဲ့နေရာက မြို့သစ်က ဦလေးအိမ်မှာနေတာဗျ။ ကျောင်းကို လိုင်းကားနဲ့ အသွားအပြန်လုပ်တယ်။ အဲ့ဒီတုန်းက လိုင်းကားခက (၅)ကျပ်ပဲရှိတယ်။ ဖုန်းကြီးက နည်းနည်းတော့ ဗရုတ်ကျပေမယ့် ခင်ဖို့တော့ အရမ်းကောင်းတယ်ဗျ ..။
သားစိုးတို့ကျောင်းမှာက တနင်္လာနေ့တိုင်း Assembly ရှိတယ် ။ Assembly မှာ အရင်ဆုံး ကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူး တို့ ...ဘာတို့ ..ညာတို့က အရင်ဆုံး ကျောင်းသားတွေကို သြဝါဒချွေတယ် ။ သူတို့ပြီးမှ ကျောင်းအုပ်ဆရာမကြီးက သြဝါဒချွေတာ..။ အဲ့ဒါတွေအားလုံးပြီးရင် မနက်ပိုင်းစာသင်ချိန်(၂)ချိန်လောက်က အေးအေးဆေးဆေး ကုန်သွားရောဗျ။
အဲ့ဒီလိုမျိုးAssembly လုပ်တဲ့တစ်နေ့မှာဗျာ ...ထုံးစံအတိုင်းကျောင်းက မိဘဆရာအသင်းအတွင်းရေးမှူးဖြစ်တဲ့ ဆရာလူပျိုကြီးက ကျောင်းသားတွေကို သြဝါဒချွေပါလေရော ...။ အဲ့ဒီဆရာသြဝါဒချွေရင် (အားလုံးကြားလား...အားလုံးကြားလား )ဆိုပြီး ခဏခဏမေးတတ်ပြီး သူသြဝါဒချွေချိန်ဆို သားစိုးတို့ (ကြားပါတယ်ခင်ဗျား ...ကြားပါတယ်ခင်ဗျား..)ပဲ ခဏခဏဖြေရလို့ တော်တော်လေးစိတ်လေတယ်ဗျ ။ အဲ့လိုကျောင်းသားတွေအကုန်လုံး ဖြေရတာကို စိတ်လေနေတုန်း ဆရာက ထပ်ပြီးမေးပြန်ရောဗျာ ။ အားလုံးက မဖြေချင်ဖြေချင်နဲ့ တိုးတိုးလေးပဲဖြေတယ်။
ဒါပေမယ့် သားစိုးတို့ရဲ့ ဘော်ဒါကြီး ဖုန်းကြီးကတော့ အားကျိုးမာန်တက် တစ်ယောက်တည်း အကျယ်ကြီး အော်ပြီးဖြေလိုက်တာဗျ (ကြားပါတယ် ခင်ဗျား ...) ဆိုပြီး ..။ ကျန်တဲ့သူတွေအားလုံးက တိုးတိုးလေးဖြေချိန်မှာ ဒီကောင့်အသံကြီးတစ်ခုတည်း ဟိန်းပြီးထွက်လာတာပေါ့။ အားလုံးကလည်း ဖုန်းကြီးဆီကိုပဲ အကြည့်တွေက အကုန်ရောက်ကုန်တယ် ။ ပြီးတော့မှ ကျောင်းသား ကျောင်းသူတွေအားလုံး ၀ိုင်းပြီး ရယ်ကြတာပေါ့။ အဲ့ဒီလို ၀ိုင်းလည်းရယ်ကြရော ဆရာလူပျိုကြီးက သူ့ကိုတမင် ပြောင်တယ်ထင်ပြီး ဖုန်းကြီးကို မဲပါလေရော ။ ခုနက (ကြားပါတယ်ဆိုတဲ့ကောင် ရှေ့ကိုထွက်ခဲ့ဆိုပြီးခေါ်ရောဗျ ။ ဖုန်းကြီးကလည်း ခပ်တည်တည်ပဲ ထွက်သွားတယ် ။ ဖုန်းကြီးအရှေ့ကိုလည်း ရောက်သွားရော ဆရာက ... ဖုန်းကြီးလွယ်အိတ်ထဲက ဖုန်းကြီးနာမည်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ယူထားပြီး ..မင်း ပြီးရင် ရုံးခန်းကို လာခဲ့လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။
Assembly လည်းပြီးရော ဖုန်းကြီးတို့ ရုံးခန်းကို ဒိုးရတော့ပေါ့။ ဖုန်းကြီးဆိုတဲ့ကောင် ဒီတစ်ခါတော့ မလွယ်ဘူးဟေ့ ဆိုပြီး အခန်းထဲကလူတွေက ဒီကောင့်ကို သနားတောင် သနားနေမိသေးတာဗျ ။ ဒီကောင်လည်းပြန်လာရော အားလုံးက ၀ိုင်းမေးတာပေါ့။ ဟေ့ကောင်... အခြေအနေဘယ်လိုလဲဟလို့ ဆိုတော့ .... ဖုန်းကြီးက စပ်ဖြီးဖြီးနဲ့ မုန့်ဖိုးတောင် (၁၀)ကျပ် ပေးလိုက်သေးတယ်ဗျ တဲ့...။ ဟေ ..မင်းဘယ်လိုပြောလိုက်လို့လဲဟလို့ ဆိုတော့ .. ဆရာက ငါ့ကိုမေးတယ် ... ဘာသဘောနဲ့ အဲ့လိုအော်တာလဲတဲ့ .... ငါကလည်း ဆရာကမေးတာကို ကျန်တဲ့လူတွေက တိုးတိုးလေးပဲ ဖြေနေတော့ ဆရာ့ကို အားနာလာလို့ ကျွန်တော်တစ်ယောက်တည်း အကျယ်ကြီး ဖြေလိုက်တာပါလို့ပြောလိုက်တယ်ကွာ ..ပြီးတော့ ငါ့ကို နည်းနည်းပါးပါး သြဝါဒ ပေးပြီးတော့ နောက်မလုပ်နဲ့ဆိုပြီး ပြန်လွှတ်တယ်။ ပြန်ခါနီးကျတော့ ငါက .. ဆရာယူသွားတဲ့ ကျွန်တော့်စာအုပ်လေးပြန်ပေးပါဦးဆရာလို့ ပြောတော့မှ ဆရာက သတိရလာပြီး ငါ့စာအုပ်ကို ပြန်ပေးတယ် ။ ဆရာလည်းစာအုပ် ပြန်ပေးရော ငါလည်း စာအုပ်ကို ဟိုလှန် ဒီလှန် လုပ်ကြည့်ပြီး .... ဆရာ.. ဒီစာအုပ်ကြားထဲမှာထည့်ထားတဲ့ ကျွန်တော့်(၅)ကျပ်တန်လေး မတွေ့မိဘူးလားလို့ မေးလိုက်တော့ ဆရာကပြာပြာသလဲနဲ့ ...ဟေ .. မတွေမိပါဘူးဟ..ဆိုပြီးဖြေတယ် ... ငါကလည်း ဘယ်ရမလဲ ... အဲ့ဒီ (၅)ကျပ်က ကျွန်တော့်အပြန်လမ်းစရိတ်လေး။ အခုအဲ့ဒါမရှိတော့ရင် ညနေကျောင်ဆင်းရင် အိမ်ကိုလမ်းလျှောက်ပြီး ပြန်ရတော့မယ်ထင်တာပါပဲဆိုပြီး ... မျက်နှာသေလေးနဲ့ ဆရာ့ကို လုပ်ပြလိုက်တယ်။ ငါအဲ့လိုပြောနေတုန်းမှာ ဘေးနားမှာက ဆရာမလေးတွေ (၂)ယောက် (၃)ယောက်လောက်ရှိတယ်ဟ...။ ဆရာက ..မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွတဲ့ ... ငါကလည်း ...ကျွန်တော့်ကို အိမ်က တစ်နေ့ကို မုန့်ဖိုး (၁၅)ကျပ်ပဲပေးတာ။ လမ်းစရိတ်ကိုလည်း အဲ့ဒီထဲကနေပဲသုံးရတာလို့ပြောပြီး ... ညနေတော့ လမ်းလျှောက်ပြန်ရလို့ အိမ်ပြန်နောက်ကျရင် အိမ်က ကျွန်တော့်ကို ရိုက်တော့မှာဗျလို့ဆိုပြီး ငိုပြလိုက်တာပေါ့။ အဲ့ဒီတော့မှ ဆရာက ကဲ..ကဲ..ငိုမနေနဲ့တော့ ဆိုပြီး ... သူ့အိတ်ကပ်ထဲကနေ (၁၀)တန်တစ်ရွက် ထုတ်ပေးတယ်... ငါက ပြန်အမ်းရဦးမှာလားဆရာလို့မေးလိုကတော့ .. ဆရာက ပိုတဲ့ဟာကို မင်းမုန့်ဖိုးယူလိုက်ဆိုပြီး ပြန်လွှတ်လိုက်တာဗျာလို့ ဖုန်းကြီးက ဖြေတယ်ဗျ။
အဲ့ဒီတော့ သားစိုးတို့ကလည်း မင်းပိုက်ဆံက စာအုပ်ထဲကို တကယ်ထည့်ထားလို့လား လို့ဆိုတော့ .... ဖုန်းကြီးက .. ဟဲ ..ဟဲ..ဟဲ လို့ရယ်ပြီး ... ပိုက်ဆံဆိုမှတော့ စာအုပ်ထဲထည့်ထားစရာလား.. ပိုက်ဆံအိတ်ထဲပဲထည့်ထားတာပေါ့ ..ထည့်ချင်းထည့် ကွန်ဖာဗူးထဲပဲထည့်မှာပေါ့ဟဆိုပြီး အောင်နိုင်သူကြီးအပြုံးမျိုးနဲ့ ပြုံးဖြီးဖြီးလုပ်နေတယ်ဗျာ..။
ကဲ .. အကြံမပိုင်ပေဘူးလား... အဲ့ဒါ သားစိုးရဲ့သူငယ်ချင်းပေါ့ ...ဟဲ ..ဟဲ...ဟဲ..။
Sunday, May 18, 2008
အကြံပိုင်သူ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment