Monday, May 19, 2008

သားစိုးရဲ့ စာကျက်နည်းသစ် ....

သားစိုး(၈)တန်းနှစ်တုန်းက ဂုဏ်ထူး(၃)ဘာသာနဲ့ စာမေးပွဲအောင်ခဲ့တာ...(ယုံချင် ယုံ ...မယုံချင် နေ..)။ အဲ့ဒီလိုဂုဏ်ထူးတွေနဲ့ အောင်ရအောင် သားစိုးကျက်ခဲ့တဲ့ စာကျက်နည်းလေးကို မသိချင်ဘူးလား ...။ ပြောမယ် ..ဒီလိုဗျ။

သားစိုးတို့စာမေးပွဲချိန်က မနက်ပိုင်းဖြေရတာ ။ သားစိုးက မြန်မာစာဖြေရတဲ့နေ့မှာ သိပ်ပြီးမဖြေလိုက်ရဘူးဗျ... အချိန်မလောက်လို့လေ။
စာမေးပွဲပြီးလို့ အိမ်လည်းရောက်ရော စိတ်ညစ်ညစ်နဲ့ သားစိုးတို့ ရပ်ကွက်နောက်က ထန်းတောထဲသွားပြီး ထန်းရည်ခါးခါးလေး မြူဝက်လောက်သောက်ပစ်လိုက်တယ် (သားစိုးတို့မိဘတွေက သားစိုးကို ထန်းရည်သောက်တာကိုတော့ ခွင့်ပြုထားတယ်ဗျ .. ထန်းရည်ချိုပဲ သောက်ခွင့်ပြုတာနော် ....ဟဲ.. ဟဲ .)။ သောက်ပြီးလို့ အိမ်ပြန်ရောက်တော့ နည်းနည်းတော့ ဉာဏ်များရတယ်ဗျ။ တော်ကြာနေ ထန်းရည်သောက်လို့ မူးနေတာကိုသိရင် နောက်ဆိုမသောက်ရတော့မှာစိုးလို့လေ...။ ပြီးတော့ နောက်နေ့တွေကိုက စာမေးပွဲဆက်ဖြေရဦးမှာဆိုတော့ အိပ်ပျော်သွားပြီး စာကျက်ပျက်လို့ကလည်း မဖြစ်သေးဘူးဗျ။ အဲ့ဒီတော့ စာကျက်တာ အမေတို့ မြင်ကွင်းရှေ့မှာ ကျက်လို့တော့ မဖြစ်တော့ဘူး ။
သားစိုးအိပ်ခန်းရဲ့ ပြတင်းပေါက်ဘေးမှာ သားစိုးတို့ အိမ်ခေါင်မိုးကိုကျော်အောင်ပေါက်နေတဲ့ ကန္တာရဆူးပင်ကြီးရှိတယ်ဗျ။ ဒီအပင်ပေါ်မှာက သားစိုးအမြဲတက်ပြီး ဆော့နေကြ..။ အပင်ပေါ်မှာ ထိုင်လို့ရအောင်လည်း လုပ်ထားပြီးသားလေ။ အဲ့...သားစိုးအကြံတစ်ခုရလိုက်တယ်။ အဲ့ဒီ အပင်ပေါ်တက်ပြီးကျက်ရင် သားစိုးထန်းရည်မူးနေတာကို အမေတို့လည်း မရိပ်မိတော့ဘူး။ အိပ်ပျော်ရင် အပင်ပေါ်ကလိမ့်ကျမှာဆိုတော့ အိပ်ပျော်မှာကိုလည်း မပူရတော့ဘူး.. စာကျက်လည်း မပျက်တော့ဘူးပေါ့ဗျာ..။
အဲ့လိုနည်းနဲ့ စာကို အော်ပြီးကျက်တာ အရင်နေ့က (၃)ခေါက် (၄)ခေါက်လောက်ကျက်မှရတဲ့စာက (၂)ခေါက်လောက်နဲ့ကို ကောင်းကောင်းအလွတ်ရနေတယ်ဗျာ ...။ စာမေးပွဲမှာလည်း လုံးဝကို မမေ့ဘူး...။ နောက်နေ့တွေလည်း အဲ့ဒီအတိုင်းပဲလုပ်ပြီး စာကျက်တာ.... အဲ့ဒီနှစ် (၈)တန်းကို သားစိုးတို့ရပ်ကွက်ထဲမှာ သားစိုးက (၃)ဘာသာ ဂုဏ်ထူး ... ဂုဏ်ထူးအများဆုံးနဲ့အောင်တာ... ။ ရပ်ကွက်ရုံးကဆုချတဲ့ ဂုဏ်ထူး(၁)ဘာသာ (၃၀၀)ကျပ် နှုန်းနဲ့ ဆုငွေ (၉၀၀)ကျပ်တောင် သားစိုးရလိုက်သေးသဗျာ ... ဟဲ.. ဟဲ.. ဟဲ ..။

3 Comments:

တားမြစ် ထားသော... said...

အလည်ရောက်တယ်။ အခုမှရောက်ဘူးတာပါ။ ပိုစ့်တော်တော်များများက ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ကောင်းကြောင်းပါ။

အိတာ said...

လာလည်ပါတယ် ..ရေးထားတာလေးတွေဖတ်လို့ကောင်းတယ်နော် ..
ဒါနဲ့ cbox ရှာမတွေ့ ဘူး...


ခင်မင်စွာဖြင့်
အိမွန်တာ

Anonymous said...

မူးနေလျှက်နဲ့  ကျက်တာ ဂုဏ်ထူး ၃ ခုထွက်တယ်ပေါ့ တော်ချက်ဗျာ ကျနော့် အစ်ကိုလို့ မပြောရဘူးး ဟားဟား ကျနော်လည်း အစ်ကို့ လောက်ဝေးဝေး တော်တယ်း) ။