ခရောင်းတော ကန္တာရ
ကြမ်းတမ်းလှတဲ့ ဘဝထဲကို
တိုးလို့ဝင်လျှောက်
မဝင်ရောက်ဝံ့သူအတွက်
မေရယ် .....
သံသရာဇာတ်လမ်း
ရှေ့ဆက်လို့ မလွမ်းချင်ဘူး . . . . . ။
၁၉၉၈ ခုနှစ် (ပထမနှစ်ကျောင်းသားဘဝ) တုန်းက သားစိုး ကြိုက်နေတဲ့ ကောင်မလေးကို ဖြတ်စာအဖြစ် ပေးခဲ့တဲ့ ကဗျာလေးပါ . . . ။ အတန်းဖော် သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပြီး စပ်ထားတဲ့ ကဗျာလေးပေါ့ . . . ရေးတာကတော့ အဆက်ဖြတ်တဲ့ ကဗျာလေး . . . ဒါပေမယ့် ဒီကဗျာလေးကြောင့်ပဲ အဲ့ဒီကောင်မလေးဆီက အဖြေကိုရခဲ့တာ . . . ။
အခုတော့လည်း ဒါတွေက ပြီးခဲ့ပါပြီဗျာ . . . ။ ထုံးစံအတိုင်းပဲ . . . သိကြတယ်မဟုတ်လား . . အဲ့ဒီကောင်မလေးက သူများနောက်ပါသွားတဲ့အထဲမှာ ပထမဦးဆုံးကောင်းမလေးပဲဗျို့ . . . ။
Read
More...
Summary
only...
သားစိုးက တရိစ္ဆာန်လေးတွေကို ချစ်တတ်တာ .. မွေးမြူတတ်တာ အခုမှမဟုတ်ဘူး ...ငယ်ငယ်လေးကတည်းက ။ ငယ်ငယ်ကဆို ဘာအကောင်ပလောင်လေးတွေပဲရရ အကုန်လုံးကို အိမ်မှာမွေးထားတာ ...။ ခွေးတွေဆိုလည်း လမ်းဘေးကခွေဝဲစားကအစ သနားလို့ဆိုပြီး အိမ်ခေါ်မွေးထားတာလေ ... အိမ်မှာဆို ခွေးတွေမှ အများကြီး ။ အဲ့ဒီခွေးတွေက အိမ်နားက ဖြတ်သွားတဲ့လူတွေကို ကိုက်လို့ ဆေးဖိုးပေးရတာလဲ ခဏခဏပဲ ....။ အဲ့ဒီ ခွေးတွေမွေးလို့ သားစိုးကို အဒေါ်က မြည်တွန်းတောက်တီးလုပ်တာလဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပါပဲ ...။
သားစိုးမွေးတဲ့အထဲမှာ အဒေါ်စျေးကဝယ်ဝယ်လာတဲ့ ငါးအရှင်လေးတွေ ... ပုစွန်အရှင်လေးတွေတောင်ပါသေးတယ် ..။ အဒေါ်က စျေးကနေ ငါးအရှင်လေးတွေ ဝယ်လာတဲ့နေ့ဆို အဒေါ်မသိအောင် ငါးလေးတွေကို ယူယူပြီး အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီ အကုန်ရှိရှိသမျှ လိုက်ထည့်မွေးတာပဲ ...။ အဒေါ်ငါးအရှင် ပုစွန်အရှင်လေးတွေ ဝယ်လာတိုင်းမွေးထားလိုက်တာ .... ရေအိုးတွေ ရေတိုင်ကီတွေမှာ ရေနည်းသွားပြီဆိုရင် ရေခပ် မသုံးလေနဲ့ . . ငါး မဟုတ်ရင် ပုစွန် .. တစ်ကောင် မဟုတ် တစ်ကောင်တော့ ပါလာစမြဲပဲ ...။ အဲ့ဒီတော့ သားစိုးကို အဒေါ်က အမိန့်တစ်ခုထုတ်တယ်ဗျ ...။ အိမ်ရှေ့ အိမ်နောက် ဘယ်ရေအိုး ဘယ်ရေတိုင်ကီမှာမှ ငါးထည့်မမွေးရဘူးတဲ့ ..။ အိမ်ရှေ့ အိမ်နောက်ဆိုတော့ သားစိုးလည်း အဲ့ဒါတွေနဲ့ လွတ်အောင်စဉ်းစားရတော့တာပေါ့လေ ...။ မွေးချင်တဲ့ ၀ါသနာကလည်း ဖျောက်လို့မှ မရကိုးဗျ ...။
ဒါပေမယ့် အိမ်ရှေ့ အိမ်နောက် ရေအိုး ရေတိုင်ကီတွေမှာတော့ ငါးတွေ မတွေ့ရတော့ပါဘူး ... အဒေါ်တို့ကတော့ ကျေနပ်နေတာပေါ့ ... ရေကို သူ့စိတ်ကြိုက်သုံးလို့ရပြီဆိုတော့လေ ...။
အဲ့ .... သိပ်မကြာလိုက်ပါဘူး ... အိမ်ကိုလာတဲ့ ဧည့်သည်တစ်ယောက် သောက်ရေအိုးကရေကို ခပ်သောက်လိုက်တာ ငါးရံ့တစ်ကောင်ပါလာလို့ သားစိုးတို့ ကြောပြင်ဗျောတင်ခံလိုက်သဗျာ ....။ အဲ့ဒီတုန်းကဆိုရင် အဒေါ်ကရော ဦးလေးကပါ (၂)ယောက်ပေါင်းပြီး တီးတာ ... ။ ငါးကို ၀ါးစားမိတဲ့ ဧည့်သည်က ဝင်ဆွဲပေလို့ပေါ့ဗျာ ...။ သားစိုးတို့ဆို (၁)ပတ် (၂)လောက် ကောင်းကောင်း မထိုင်နိုင်ဘူး ..။ ဖင်နဲ့ ခြေသလုံးမှာ အချိုးရာတွေပြည့်နေလို့လေ...။ အဲ့သလိုကို မွေးမြူရေးကို ၀ါသနာပါတာ ... ။
Read
More...
Summary
only...
ကိုယ်ကချိန်လိုက် ပါသွားလိုက် ... ကိုယ်ကကြိုက်လိုက် လင်နောက်လိုက် .... ဆိုတဲ့ စကားပုံက သားစိုးအတွက်များ တမင်သက်သက်ပြောခဲ့တာများလားမသိ ...။ သားစိုးတို့များ သစ်ရွက်ကလေးတွေကြွေရင် ရင်ခုန်တတ်တဲ့အရွယ်ကစလို့ အခုအချိန်အထိ အဲ့ဒီစကားပုံထဲကကို ရုန်းမထွက်နိုင်ဘူး ...။
သားစိုး ပိုးခဲ့ပန်းခဲ့တဲ့ ကောင်မလေးတွေကို ပြန်ရေတွက်ကြည့်ရင် မနည်းမနောပါပဲ ..။ ဟီး ဟီး.. သားစိုးကို ပြန်ကြိုက်တဲ့ ကောင်မလေးကတော့ အခုလက်ရှိ ချစ်သူလေးတစ်ယောက်ပဲ ရှိမယ်ထင်တယ် ...။ အဲ့ဒီလိုကို စွံတာ ...။
၁။ သားစိုး(၈)တန်းနှစ်တုန်းက အတန်းထဲမှာ သားစိုးချိန်နေတဲ့ ကောင်မလေးကို သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက အလစ်သုတ်သွားတာက (၁)ခါ ....။
၂။ သားစိုး(၉)တန်းရောက်တော့ အရာရှိသမီးတစ်ယောက်ကို သူများတွေနဲ့ အတူတူ သူ့ခုံထဲစာသွားထည့်တာ ကျန်တဲ့ သူတွေဘာမှ မဖြစ်ပဲ သားစိုးတစ်ယောက်တည်းပဲ ကံကောင်းထောက်မစွာ ကျောင်းအထုတ်ခံရမလိုဖြစ်တာက (၁)ကြိမ် ...။ နောက်နှစ်ကျတော့ အဲ့ဒီကောင်မလေးကို သူ့အိမ်က သားစိုးတို့ကျောင်းမှာ မထားတော့ဘူးဗျာ ...။
၃။ (၁၀)တန်း နှစ်စမှာ သားစိုးကြိုက်တဲ့ သူငယ်ချင်းကောင်မလေးကိုလည်း အဆင်ပြေမလို ဖြစ်ခါနီးမှ သူတို့ အိမ်နားက အကိုကြီးတစ်ယောက်က ဖြတ်ခုတ်သွားတာက (၁)ကြိမ်....။
၄။ (၁၀)တန်းဖြေပြီးတော့ သားစိုးထက်(၁)နှစ်ကြီးတဲ့ မမတစ်ယောက်ကို ကြိုက်မိလိုက်သေးတယ် ... နည်းနည်းတော့ အဆင်ပြေမလိုလိုနဲ့ ... ရီးစားတွေ ဖြစ်တော့ မလိုလို ဘာလိုလိုနဲ့ပါပဲ .. သူ့မိဘတွေက အဲ့ဒီမမကို ပြောတယ်တဲ့ဗျာ ။ မမက သားစိုးကို ပြန်ပြောပြတာ ..( သမီးတဲ့ ... အမေတို့က သမတ်ကို နို့တိုက်မမွေးချင်ဘူးတဲ့ .. ဟီး ဟီး .. သားစိုးကလည်း ပြန်ပြောလိုက်ပါတယ် .. ယောက်ခမ နို့တော့ မဆို့ချင်ပါဘူးလို့ သူ့သမီးနို့ဆိုတော်သေးလို့ ... ) အဲ့လို့ပြောပြီး နောက်တစ်လလောက်အကြာမှာ သားစိုးလည်း တခြားမြို့တစ်မြို့မှာ တက္ကသိုလ်သွားတက်ရတယ် ..။ သိပ်မကြာပါဘူး အဲ့ဒီမမဆီကနေ သားစိုးဆီစာရောက်လာတယ် ... အမေတို့ စိတ်ချမ်းသားအောင် အိမ်ကပေးစားတဲ့လူနဲ့ လက်ထပ်လိုက်ပြီတဲ့ ....။ အခုဆို အဲ့ဒီ မမသာ ယောကျ်ား(၂)ယောက်လောက်ယူပြီးသွားတယ် သားစိုးတို့ကတော့ မိန်းမတစ်ယောက်တောင် ရအောင်မယူနိုင်သေးဘူး ... ။
၅။ ဘွဲ့ရပြီးတော့ သားစိုးရဲ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတစ်ယောက်နဲ့ နှစ်ဘက်မိဘတွေ သဘောတူလို့ မိန်းမရတော့မလိုလို ဘာလိုလိုတောင်ဖြစ်လိုက်သေး...။ အဲ့လိုဖြစ်ပြီး ဘာများကြာလိုက်လို့တုန်း ..အဲ့ဒီသူငယ်ချင်းမလေးလည်း လင်နောက်လိုက်သွားပါရောလား ...။ ဟီး ဟီး ... နှလုံးလမ်းကြောင်းမှာ ကျွန်းများခံနေသလား မသိဘူးနော်...။
၆။ အလုပ်တွေဘာတွေရပြီးတော့ ကောင်မလေးတစ်ယောက်ကို တော်တော်လေး ကြိုက်ဖူးလိုက်တယ် ...။ အဲ့ဒီကောင်မလေးလည်း ထုံးစံအတိုင်းပါပဲ ... သူများနောက်ပါသွားပြီ။ စွံတာ စွံတာ ... ။
အခုလား .... ဒီတစ်ယောက်လေးပဲ သားစိုးကို ပြန်ကြိုက်လို့ လူလူသူသူ ရီးစားလေးတစ်ယောက်တော့ ရထားပြီးပြီဗျ ... ဟဲ ဟဲ ဟဲ ။ ဒီရီးစားလေးသာ မကယ်ရင်တော့ သားစိုးတစ်ယောက် စကားပုံထဲက လူဖြစ်ရတော့မှာ အသေအချာပါပဲ ...။ ဒါကြောင့် သားစိုးက ချစ်သူလေးကို ခဏ ခဏပြောရတယ် ... စကားပုံထဲမှာတော့ မောင့်ကို မထားခဲ့ပါနဲ့လို့ .... ။
Read
More...
Summary
only...
သားစိုးက (၁၀)တန်းကို တစ်နှစ်ထဲနဲ့ ကျောင်းနှစ်ကျောင်းပြောင်းတက်ပြီး သုံးကျောင်းမြောက်က စာစစ်ဌာနမှာ ဖြေပြီး(၁၀)တန်းအောင်လာတာ ...။ ဟဲ ဟဲ ဟဲ ... မျက်စိရှုပ်ကုန်ပြီထင်တယ် ...။
ဒီလိုဗျ ... သားစိုးက (၁၀)ကို နှစ်တဝက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမြို့ကနေ ... မြန်မာနိုင်ငံအောက်ပိုင်းမြို့ကို ကျောင်းပြောင်းလာရတာ ..။ ကျောင်းပြောင်းတဲ့အချိန်ကလည်း (၁၂)လပိုင်းလောက်မှဆိုတော့ (၁၀)တန်းဖြေခွင့်လက်မှတ်တွေ၊ ခုံနံပါတ်တွေတောင် ကျခါနီးနေပြီလေ ..။ ဒါပေမယ် .. သားစိုးကျောင်းပြောင်းရတော့ စာစစ်ဌာနပါပြန်ပြောင်းရတာပေါ့ ...။ အဲ့လိုစာစစ်ဌာနပြောင်းလိုက်ရတော့ သားစိုးရတဲ့ ခုံနံပါတ်က အဲ့ဒီမြို့ရဲ့ နောက်ဆုံးနီးပါးလောက် ခုံနံပါတ်ကိုရတယ် ...။ (၁၀)တန်းခုံနံပါတ်ပေးတာက အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းဖြေကျောင်းသားတွေပြီးမှ အပြင်ဖြေကျောင်းသားတွေကို ခုံနံပါတ်ပေးတာလေ ။ သားစိုးခုံနံပါတ်က အပြင်ဖြေကျောင်းသားတွေထက်တောင် နောက်ကျနေသေးတယ် ...။ အဲ့ဒီတော့ စာမေးပွဲခန်းထဲမှာ ကျောင်းဖြေကျောင်းသားဆိုလို့ သားစိုးတစ်ယောက်ပဲရှိတယ် ..။ ဖြေရတဲ့ နေရကလည်း အထက်ကျောင်းက စာစစ်ဌာနမှာ မဟုတ်ဘူးဗျ..။ အပြင်ဖြေတွေအတွက် ဖွင့်ပေးထားတဲ့ အလယ်တန်းကျောင်းက စာစစ်ဌာနမှာ...။ ကျန်တဲ့လူတွေက သားစိုးထက်အသက်ကြီးတဲ့ အပြင်ဖြေ နှစ်ကျသမားတွေလေ ..။ အချို့ဆို အသက်တော်တော်လေးကို ကြီးနေပြီ.. တချို့ဆို ကား Workshop အလုပ်ကနေတန်းပြီးလာဖြေကြတော့ Workshop ဝတ်စုံ ဆီတွေပေတူးတာတွေနဲ့ .. အချို့ ကောင်မလေးတွေကျတော့ ကိုယ်ဝန်တွေနဲ့ဗျ ..။ အားလုံးက သားစိုးထက်ကို (၃/၄)နှစ်လောက်ကို အသက်ကြီးတဲ့သူတွေချည်းပဲ..။
သားစိုးရဲ့ ခုံရှေ့မှာ ဖြေတဲ့လူက Workshop ကလူ.. သူကဆို စာမရရင် ညီလေး ပြပါဦး .. ညီလေးပြပါဦးနဲ့ ... သားစိုးကလည်း အခန်းစောင့် ဆရာလစ်ရင် ပြပေးပါတယ် ..။ အဲ့လောက် စိတ်မပုတ်ပါဘူး ..။
သားစိုးရဲ့ အနောက်က ခုံမှာ ဖြေတဲ့သူကကျတော့ မဗိုက်ဗျ ..။ သူကဆို သားစိုးဆီကနေ ခဏ ခဏကို စာမေးတာ ..။ သူကစာမေးရင် အကို အဲ့ဒီအပုဒ်ရလား ..အကို အကို ဆိုပြီး ခေါ်တာဗျ ...။ စဖြေတဲ့ နေ့တော့ ထားပါတော့ဗျာ ..။ မသိလို့ပေါ့ ..။ နောက်နေ့တွေကျတော့ စာမေးပွဲခန်းမဝင်ခင်မှာ ပြောပြထားတယ် .. အစ်မလို့ ကျွန်တော်က အခုမှ နှစ်တက်ကျောင်းသားပါလို့... ကျောင်းပြောင်းတာနောက်ကျလို့ အစ်မတို့နဲ့ အတူတူဖြေနေရတာလို့ .. ကျွန်တော့်ကို အကိုလို့ မခေါ်ပါနဲ့လို့ .. အစ်မတို့ထက် ကျွန်တော်က အသက်ငယ်ပါတယ်လို့ ပြောထားတယ် ..။
ဒါပေမယ့် စာမေးပွဲဖြေတော့ အကိုဆိုပြီး ခေါ်မေးတာပဲ ..။ မေးခွန်းတွေ မခက်တဲ့နေ့တော့ ပြသနာမရှိဘူးပေါ့ ..။ စာရတော့ စိတ်ကြည်နေတော့ သူမရတာတွေဆိုပြပေးပါတယ် ..။ စာမရတဲ့နေ့ကျတော့ စိတ်ကမကြည်ဘူးဗျ ..။ အဲ့ဒီကြားထဲ စာက ခဏခဏ လာလာမေးနေတာ ..။ သားစိုးကလည်း စိတ်တိုတိုနဲ့ .. အစ်မတို့ အရင်နှစ်တွေကတည်းက ဒီစာတွေ မကျက်ခဲ့ရဘူလားလို့ ... မကျက်ရသေးရင်လည်း နောက်နှစ်မှ ထပ်ပြီးကျက်တော့လို့ ..။ ကျွန်တော်တော့ အဲ့ဒီပုဒ်စာကို မရလို့ တခြားဟာဖြေတာဆိုပြီးပြောလိုက်တယ် ...။
ဟဲ . ဟဲ .. နောက်နေ့တွေကျတော့ အဲ့ဒီ အစ်မကြီး လေသံပြောင်းလာတယ်ဗျ ...။ စာမေးရင် မောင်လေး အဲ့ဒီ အပုဒ်ရလား ဖြစ်သွားရောဗျ ...။
အဲ့ဒီလိုဗျ ... သားစိုးထက်ကြီးတဲ့လူက သားစိုးကို အကိုလို့ ခေါ်ရင် အရမ်းစိတ်ဆိုးတာ ... ။
Read
More...
Summary
only...
ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ...တဲ့ ..။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ ... ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး..။ အင်း .... သားစိုးလဲ အသက်က (၂၈)နှစ်ကျော်လို့ (၂၉)ထဲတောင်ရောက်နေ ပြီဆိုတော့ သတိရတမ်းတရတော့မယ့် အရွယ်ရောက်နေပြီလား မသိပါဘူး...။ တစ်ခါ တစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်ပြန်သတိရနေတယ်..။
သားစိုးကို သူငယ်တန်းစပြီးထားတုန်းက သားစိုးတို့ အိမ်နီးနားချင်းက ကောင်မလေးတစ်ယောက်ကိုပါ သားစိုးနဲ့ အတူတူ သူငယ်တန်းလိုက်အပ်တယ် ...။ သူ့မှာက ကျောင်းသွားဖို့ အဖော်မရှိ.. သူ့အိမ်ကလည်း ကျောင်းကို လိုက်မပို့ပေးနိုင်ဆိုတော့ သားစိုးကို သားစိုးအဒေါ်က ကျောင်းလိုက်ပို့ရင် အဲ့ဒီကောင်မလေးကိုပါ အဒေါ်က ကျောင်းကိုခေါ်သွားပေးရတာ..။ ကျောင်းကနေပြန်ရင်လည်း သားစိုးနဲ့ အတူတူပဲ ပြန်ခဲ့ဖို့ သူ့အိမ်ကမှာထားတော့ ဘယ်သွားသွား သားစိုးနဲ့ အတူတူ တကောက်ကောက်ပဲ ...။ အတန်းထဲမှာ ထိုင်ရင်တောင်မှ သူ့ကို မိန်းခလေးတန်းဘက်မှာ သွားထိုင်ခိုင်းလို့မရဘူး ..။ သွားထိုင်ခိုင်းတာနဲ့ ငိုတော့တာပဲ ..။ ဒါနဲ့ ဆရာမလည်း သားစိုးဘေးမှာပဲ သူ့ကိုထိုင်ခိုင်းရတယ် ...။ အဲ့ ရှူရှူးပေါက်ရင်တောင်မှ မိန်းခလေးအိမ်သာဘက်မသွားဘူးဗျ ... သားစိုးနဲ့ အတူတူလိုက်တာ... ။ နောက်တော့ သူ့ကို သားစိုးက သူတို့ မိန်းခလေး အိမ်သာဘက်အရင် လိုက်ပို့ ... သားစိုးက အိမ်သာရှေ့ကရပ်စောင်နေရသေးတယ် ...။ သူ့ကိစ္စပြီးမှ သားစိုးက ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ် ...။ (သူ့အိမ်ကစကားကို အဲ့လို အတိအကျကို နားထောင်တာ ...။)
ဆက်ပြောပြဦးမယ် ....။
သားစိုးက ကျောင်းထားစတုန်းကဆို အဒေါ်က စာသင်ခန်းအပြင်ကနေ ကျောင်းဆင်းတဲ့ အထိ ရပ်ပြီးစောင့်ပေးနေရတယ် ။ သားစိုးက စာသာသင်နေတာ ... အခန်းအပြင်ကိုတော့ အမြဲ လှမ်းပြီး Check လုပ်တယ်ဗျ ..။ အဒေါ်ကို မတွေ့တော့ဘူဆိုတာနဲ့ ... သားစိုးလည်း ငိုပြီး လွယ်အိတ်ကောက်လွယ်ပြီး အိမ်ပြန်တာပဲ ...။ အဲ့လိုဆိုရင် အဲ့ဒီကောင်မလေးလဲ ငိုပြီး သားစိုးလွယ်အိတ်ကိုဆွဲ ပြီး နောက်ကနေ လိုက်တော့တာပဲ ...။ အိမ်ရောက်ရင် အဒေါ်က ဆော်ပလော်တီးပြီး ကျောင်းကို ပြန်ပြန်လွှတ်တာ ...။ သားစိုးရဲ့ အတန်းပိုင်ဆရာမဆိုရင် သားစိုးကို အိမ်အထိ လိုက်လိုက်ပြီးခေါ်ရတာ ခဏခဏပဲ ..။
သားစိုး နေမကောင်းဖြစ်လို့ ကျောင်းမတက်ဘူးဆိုရင် အဲ့ဒီကောင်မလေးလဲ ကျောင်းသွားခိုင်းလို့မရဘူးဗျာ..။ သူနေမကောင်းရင်တော့ သားစိုးကတော့ ကျောင်းသွားတာပါပဲ ...။ အဲ့ဒီလိုမျိုး သားစိုးက ငိုပြီး အိမ်ပြန်ရင် သူပါလိုက်ပြန် ... သားစိုးကျောင်းမတက်ရင် သူပါမတက်ဆိုတော့ ... ကြာလာတော့ စာတွေမလိုက်နိုင်ဖြစ်တာပေါ့ ...။ သားစိုးက ဉာဏ်ကောင်းပြီးသားဆိုတော့ အရင်နေ့က သင်ပြီးသားစာတွေဆိုလည်း ... ဆရာမက မုန့်စားဆင်းချိန် ပြန်သင်ပေးရင် ခဏလေးနဲ့ ရတာပဲ ..။ သူကကျတော့ မရဘူးလေ...။
စာမေးပွဲတွေလည်းဖြေရော ... သားစိုးကအောင်ပြီး သူကတော့ ကျပါလေရောဗျာ ...။
အင်း ... အဲ့လိုလေးတွေ .. ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်ရင် လူတောင် အလိုလို ပြန်ပြီး နုပျိုသွားသလို ခံစားရတယ်ဗျာ ...။
ဒါကြောင့် . . . ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ....။
Read
More...
Summary
only...
လူကြီးမိဘတွေက တစ်ခါတလေမှာ နားလည်ရတော်တော်ခက်တယ်ဗျ။ သားစိုးငယ်ငယ်တုန်းက (သူငယ်တန်းကနေ (၅)တန်းအထိ) အဒေါ်လင်မယားနဲ့ အတူနေခဲ့ရတာ...။ သားစိုးကိုလည်း အတော်လေးကိုချစ်ကြရှာပါတယ်..။ ချစ်လွန်းလို့ မျက်စိအောက်ကကို အပျောက်မခံဘူး...။ အဲ့လိုချစ်လွန်းတော့လည်း အချစ်ခံရတာကြီးကို တော်တော်လေးစိတ်ကုန်မိတယ်..။ တခါတလေကျရင် အဒေါ်သာ ငါ့ကို တော်တော်လေး မုန်းပြီး ကြည့်မရ ဖြစ်နေရင် ကောင်းမှာပဲလို့တောင် တွေးမိတာ။
ကဲ .. သားစိုး ဂတုံးဖြစ်ရတာလေးကို ပြောပြဦးမယ်..။
သားစိုးက ငယ်ငယ်တုန်းကဆိုရင် ဆံပင်ညှပ်ရင် ဘဲမြှီးပဲညှပ်တယ်.. ( ခေါင်းဖြီးရတာ အလုပ်ရှုပ်လို့)။ အဒေါ်က .. သားစိုးရေ ဆံပင်သွား ညှပ်ခဲ့ဆိုရင် လာမေးမနေနဲ့ ဘဲမြှီးပဲ ညှပ်ခဲ့တာ..။ တစ်ခါ နှစ်ခါတုန်းကတော့ အဒေါ်ကသဘောကျတာပေါ့ဗျာ။ ဘဲမြှီးကေဆိုတော့ ဆံပင်ညှပ်ခလည်း သက်သာတယ် .. ခဏခဏလည်း ဆံပင်မညှပ်ရဘူးပေါ့ (အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ်ဗျ..) ။ နောက်ပိုင်းကျတော့ သားစိုးရဲ့ ဘဲမြှီးကို အမြင်ကပ်လာရော။ နင့်မျက်နှာနဲ့ ဘဲမြှီးနဲ့ ကြည့်ရတာတော်တော်ဆိုးတယ်တဲ့...။ နောက်တစ်ခါ ဆံပင်ညှပ်ရင် ဘိုကေညှပ်ခဲ့တဲ့ ...။ သားစိုးကလည်း ဘိုကေကို ညှပ်ချင်ဘူးလို့ ..။ ဗိုလ်ချုပ်အောင်ဆန်းကေနဲ့တူတဲ့ ဘဲမြှီးပဲညှပ်ချင်တယ်လို့ ။ အဲ့လိုပြောတော့ အဒေါ်က ... အေး ..နင့်ဟာနင် ဘာကေပဲညှပ်ညှပ် ဘဲမြှီးမဟုတ်ရင်ပြီးတာပဲ ... ဘဲမြှီးညှပ်လာလိုကတော့ အသေပဲ လို့ဆိုပြီး ပြောရောဗျ..။ ဟဲ..ဟဲ..ဟဲ.. သားစိုးပဲလေ ..။ ကိုယ်လုပ်ချင်တာ မလုပ်ရလို့ကတော့ လုပ်လို့ရတာကို လုပ်ပစ်လိုက်တာပေါ့ ..။ ဘာကေမှကို မညှပ်ခဲ့ဘူး ..။ ဂတုံးပဲ တုံးခဲ့လိုက်တယ်။ ပိုတဲ့ ပိုက်ဆံ ၃မတ်ကိုလည်း ပြန်မပေးဘူးဗျာ..။ မုန့်ပါ ဝယ်စားပစ်လိုက်တာပေါ့..။
အဲ့ဒီကတည်းက စပြီး အဒေါ်က သားစိုးရဲ့ ဆံပင်ညှပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ဘူးဗျာ ...။ ဂတုံး(၁)လုံးရဲ့ အကျိုးအမြတ်တွေပေါ့ ... ဟဲ ..ဟဲ ..ဟဲ ။
Read
More...
Summary
only...
သားစိုးတို့ (၁၀)တန်းနှစ်တုန်းက ကျောင်းမှာ ဘုံကထိန်အလှူငွေအတွက် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကလေး လုပ်လိုက်သေးတယ်ဗျ။ သားစိုးတို့ကျောင်းအဝင် ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာ ဘောကြီးထောင်... (ဆိုကြမယ် ပျော်ကြမယ်) လို့ဆိုပြီး ရောင်စုံမြေဖြူ ပန်းစာလုံးတွေနဲ့ ရေးပြီးတောင် ကြော်ငြာလိုက်သေးသဗျာ။
သီချင်းဆိုချင်တယ်ဆိုရင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်နှုန်း နဲ့ အတွင်းရေးမှူး ဆရာလူပျိုကြီးဆီကို စာရင်းပေးရတာ။ အဆိုတော်ဖြစ်ဖို့ အခွင့်ကောင်းပေပဲပေါ့ဗျာ။ သူငယ်ချင်းတွေကလည်း သားစိုးကို အားပေးကြတယ်ဗျ။ ဆိုသာဆို ... သီချင်းဖိုး(၅၀)ကိုတောင် သူတို့စိုက်ပေးဦးမှာတဲ့။ ပြီးရင် စင်ပေါ်တက်ပြီး ပန်းကုံးတောင် တက်စွပ်ပေးကြဦးမှာဆိုပဲ။
ဒါနဲ့ သားစိုးလဲ ဆိုမယ်ကွာဆိုပြီး စာရင်းပေးလိုက်တာပေါ့။ ဂီတာတီးတတ်တဲ့ သူငယ်ချင်းတွေကလည်း ကျောင်းကို ဂီတာတွေယူလာကြပြီး သားစိုးအတွက် သီချင်းရွေးပေး ..သီချင်းတိုက်ပေးတာတွေ အားတက်သရော လုပ်ပေးကြတာဗျ။ သားစိုးလည်း အတန်းထဲမှာ အပီအပြင်ကို အဆိုတော်ဖြစ်ဖို့အရေး လေ့ကျင့်တာ ... နားထောင်ရတဲ့လူတွေ နားမခံသာအောင်ပါပဲ .. ဟဲ.. ဟဲ ..ဟဲ ။
ဒီလိုနဲ့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်လုပ်ဖို့ (၂)ရက်အလိုမနက်ပေါ့ဗျာ .... သားစိုးက ကျောင်းနောက်ကျနေလို့ အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး အတန်းထဲကိုရောက်တော့ သူငယ်ချင်းတွေက သားစိုးကို စိတ်မကောင်းတဲ့လေသံနဲ့ သတင်းတစ်ခု ပြောကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကို နမိတ်မကောင်းဘူးဆိုပြီး မလုပ်တော့ဘူးတဲ့ ....။ ဟေ ... ဘယ်လိုဖြစ်တာလဲဟ ဆိုတော့ ... ။ သိချင်ရင် ကြော်ငြာဘုတ်ကိုပဲ သွားပြန်ကြည့်တော့တဲ့ ....။
ဒါနဲ့ သားစိုးလည်း ကြော်ငြာဘောကြီးကို သွားပြေးကြည့်တော့ ။
အား ပါး ပါး .. သွားပါပြီးဗျာ .. သားစိုးရဲ့ အဆိုတော်ဖြစ်မယ့် မျှော်လင့်ချက်လေး ဘယ်သူမှန်းမသိတဲ့ တေလေဂျပိုးလေး လက်ကမြင်းလို့ ပျက်သွားပါပေါ့...။
ကြော်ငြာဘောမှာ ရေးသွားတာက ( သေကြမယ် ငိုကြမယ် ) တဲ့ ... ကောင်းရောဗျာ ။
Read
More...
Summary
only...
သားစိုး(၈)တန်းနှစ်တုန်းက ဂုဏ်ထူး(၃)ဘာသာနဲ့ စာမေးပွဲအောင်ခဲ့တာ...(ယုံချင် ယုံ ...မယုံချင် နေ..)။ အဲ့ဒီလိုဂုဏ်ထူးတွေနဲ့ အောင်ရအောင် သားစိုးကျက်ခဲ့တဲ့ စာကျက်နည်းလေးကို မသိချင်ဘူးလား ...။ ပြောမယ် ..ဒီလိုဗျ။
သားစိုးတို့စာမေးပွဲချိန်က မနက်ပိုင်းဖြေရတာ ။ သားစိုးက မြန်မာစာဖြေရတဲ့နေ့မှာ သိပ်ပြီးမဖြေလိုက်ရဘူးဗျ... အချိန်မလောက်လို့လေ။
စာမေးပွဲပြီးလို့ အိမ်လည်းရောက်ရော စိတ်ညစ်ညစ်နဲ့ သားစိုးတို့ ရပ်ကွက်နောက်က ထန်းတောထဲသွားပြီး ထန်းရည်ခါးခါးလေး မြူဝက်လောက်သောက်ပစ်လိုက်တယ် (သားစိုးတို့မိဘတွေက သားစိုးကို ထန်းရည်သောက်တာကိုတော့ ခွင့်ပြုထားတယ်ဗျ .. ထန်းရည်ချိုပဲ သောက်ခွင့်ပြုတာနော် ....ဟဲ.. ဟဲ .)။ သောက်ပြီးလို့ အိမ်ပြန်ရောက်တော့ နည်းနည်းတော့ ဉာဏ်များရတယ်ဗျ။ တော်ကြာနေ ထန်းရည်သောက်လို့ မူးနေတာကိုသိရင် နောက်ဆိုမသောက်ရတော့မှာစိုးလို့လေ...။ ပြီးတော့ နောက်နေ့တွေကိုက စာမေးပွဲဆက်ဖြေရဦးမှာဆိုတော့ အိပ်ပျော်သွားပြီး စာကျက်ပျက်လို့ကလည်း မဖြစ်သေးဘူးဗျ။ အဲ့ဒီတော့ စာကျက်တာ အမေတို့ မြင်ကွင်းရှေ့မှာ ကျက်လို့တော့ မဖြစ်တော့ဘူး ။
သားစိုးအိပ်ခန်းရဲ့ ပြတင်းပေါက်ဘေးမှာ သားစိုးတို့ အိမ်ခေါင်မိုးကိုကျော်အောင်ပေါက်နေတဲ့ ကန္တာရဆူးပင်ကြီးရှိတယ်ဗျ။ ဒီအပင်ပေါ်မှာက သားစိုးအမြဲတက်ပြီး ဆော့နေကြ..။ အပင်ပေါ်မှာ ထိုင်လို့ရအောင်လည်း လုပ်ထားပြီးသားလေ။ အဲ့...သားစိုးအကြံတစ်ခုရလိုက်တယ်။ အဲ့ဒီ အပင်ပေါ်တက်ပြီးကျက်ရင် သားစိုးထန်းရည်မူးနေတာကို အမေတို့လည်း မရိပ်မိတော့ဘူး။ အိပ်ပျော်ရင် အပင်ပေါ်ကလိမ့်ကျမှာဆိုတော့ အိပ်ပျော်မှာကိုလည်း မပူရတော့ဘူး.. စာကျက်လည်း မပျက်တော့ဘူးပေါ့ဗျာ..။
အဲ့လိုနည်းနဲ့ စာကို အော်ပြီးကျက်တာ အရင်နေ့က (၃)ခေါက် (၄)ခေါက်လောက်ကျက်မှရတဲ့စာက (၂)ခေါက်လောက်နဲ့ကို ကောင်းကောင်းအလွတ်ရနေတယ်ဗျာ ...။ စာမေးပွဲမှာလည်း လုံးဝကို မမေ့ဘူး...။ နောက်နေ့တွေလည်း အဲ့ဒီအတိုင်းပဲလုပ်ပြီး စာကျက်တာ.... အဲ့ဒီနှစ် (၈)တန်းကို သားစိုးတို့ရပ်ကွက်ထဲမှာ သားစိုးက (၃)ဘာသာ ဂုဏ်ထူး ... ဂုဏ်ထူးအများဆုံးနဲ့အောင်တာ... ။ ရပ်ကွက်ရုံးကဆုချတဲ့ ဂုဏ်ထူး(၁)ဘာသာ (၃၀၀)ကျပ် နှုန်းနဲ့ ဆုငွေ (၉၀၀)ကျပ်တောင် သားစိုးရလိုက်သေးသဗျာ ... ဟဲ.. ဟဲ.. ဟဲ ..။
Read
More...
Summary
only...
သားစိုးက ခေသူတော့မဟုတ်ဘူးနော်....။ အင်္ဂလိပ်စာညံ့တာကို ကြောင်းပြုပြီး အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားတောင် ဖြစ်သွားလိုက်သေးတယ် ... ဟဲ ..ဟဲ ..ဟဲ။
ထင်ပေါ်လို့ စင်တော်ကကောက်ခဲ့ပုံက ဒီလိုဗျ ။
သားစိုး (၈)တန်းနှစ်ကပေါ့ ..။ သားစိုးတို့ သူငယ်ချင်းအုပ်စုထဲမှာ ကြက်မွှေးလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ ။ သားစိုးနဲ့က အတန်းထဲမှာ ရှေ့နောက် ခုံချင်းကပ်လျက်ထိုင်တာ။ ဒီကောင်က ဘောလုံးကန်ဆို အရမ်းဝါသနာပါတာ...။ သားစိုးတို့လည်း ဘောလုံးကန်တာကို ၀ါသနာပါတာပါပဲ ။ ကျောင်းမှာ အသင်းလေးသင်းကနေ မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက်လူရွေးတာ .... သားစိုးက အနီသင်းကနေ နာမည်စာရင်းပေးလိုက်တယ်။ ကြက်မွှေးကတော့ အဝါသင်းက ။ အသင်းလေးသင်းက (၁)ရက်စီ အလှည့်ကျ လူရွေးတာဆိုတော့ (၀ါ၊ စိမ်း၊ နီ၊ ပြာ)အစဉ်လိုက်အတိုင်း ကြက်မွှေးက အရင်သွားအရွေးခံရတယ် ... ။ ကံဆိုးချင်တော့ သူတို့ အဝါ အသင်းမှာက ဘောလုံးမှာ သူ့ထက်ငါ ဆရာတွေချည်းဆိုတော့ ကြက်မွှေးတစ်ယောက် အရွေးမခံရဘူး ... ။
သားစိုးတို့ အနီသင်းနေ့ရောက်တော့ အတန်းချိန်ကြီးမှာ အားကစားဆရာက အခန်းထဲကိုလာပြီး နာမည်စာရင်းလာဖတ်ပြသွားတယ် ။ ဘောလုံးကွင်းကိုလာခဲ့ပါတဲ့ ...။
နာမည်စာရင်းလာခေါ်တဲ့ အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အင်္ဂလိပ်စာသင်နေတဲ့အချိန်ဖြစ်နေတယ်ဗျာ...။ သားစိုးကလည်း အင်္ဂလိပ်စာ သိပ်မလိုက်နိုင်တော့ အဲ့ဒီအချိန်ကို အတန်းမပျက်ချင်တာနဲ့ ဘောလုံးသွားမကန်တော့ဘူးဆိုပြီး အတန်းထဲကနေ မထပဲထိုင်နေလိုက်တယ်...။
အဲ့လိုနေတော့ ကြက်မွှေးက သားစိုးကို တိုးတိုးလေး လာပြောတယ် ...။ ဟေ့ကောင်တဲ့ မင်းသွားမကန်ဘူးလားတဲ့ ....။ သားစိုးကလည်း ..အေး ...လို့ ... ငါ အင်္ဂလိပ်စာသိပ်မရလို့ကွ လို့ .. မကန်တော့ဘူးကွာလို့ ပြောလိုက်တော့ ... ဒီကောင်က မျက်နှာချိုလေးနဲ့ ..မင်းအစား ငါသွားကန်လိုက်မယ်လေတဲ့ ...။ ဖြစ်ပါ့မလားဟ လို့ ဆိုတော့ ... ။ ဖြစ်ပါတယ်ကွာတဲ့ ... ငါအရွေးခံရအောင်ကန်ခဲ့မယ်တဲ့ ဆိုပြီး သားစိုးဆိုတဲ့ နာမည်နဲ့ပဲသွားကန်တာ ... အားကစားဆရာကလည်း သားစိုးကိုရော ဒီကောင့်ကိုရော မသိဆိုတော့ ...ကံကောင်းချင်တော့ အဲ့ဒီနေ့ အရွေခံရတယ်ဗျာ....။ နောက်နေ့တွေလည်း အတန်းထဲမှာ သားစိုးဆိုပြီး လာခေါ်တိုင်း ဒီကောင်ပဲ ထပြီး ဘောလုံးသွားကန်နေတော့ ဆရာမတောင်မှ မျက်စိလည်နေတယ် ... ဘယ်သူက သားစိုးမှန်းမသိဖြစ်နေတာ ။
အဲ့လိုနဲ့ပဲ သားစိုးဆိုတဲ့ နာမည်က မြို့နယ်ကျောင်းပေါင်းစုံ ဘောလုံးပွဲမှာ သားစိုးတို့ အ.ထ.ကကျောင်းရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်လာခဲ့တာ ....
တကယ်ဘောလုံးကန်တာကတော့ ကြက်မွှေးဗျ ..ဟီ ..ဟိ။
Read
More...
Summary
only...
သားစိုးငယ်ငယ်တုန်းက အင်္ဂလိပ်စာကို တော်တော်ညံ့တယ်ဗျ...(အဟီး.. အခုလည်းမတော်ပါဘူး)။ (၈)တန်းရောက်တဲ့အထိကို အင်္ဂလိပ်စာဆို အရမ်းကြောက်...။ ပြီးတော့ အင်္ဂလိပ်စာဆို ကျက်သာကျက်နေရတာ နားကိုမလည်ဘူး။
တစ်နေ့ အိမ်မှာ အင်္ဂလိပ်စာ အိမ်စာတွေလုပ်နေတုန်း အဖေကမေးတယ်ဗျ။ သားတဲ့ Present Tense ဆိုတာ ဘာလဲ...သိလားတဲ့ ။ နဂိုကတည်းကမှ အင်္ဂလိပ်စာ ညံ့ပါတယ်ဆိုမှ အဖေက ရုတ်တရက်ကြီးမေးလိုက်တော့ နည်းနည်းတော့ စဉ်းစားရတာပေါ့....။
Present နဲ့ပတ်သက်ပြီး စဉ်းစားလိုက်တာ ဘာကိုသွားပြီးမြင်သလဲဆိုတော့ .... လူရွှင်တော် မေတ္တာ နဲ့ ကွမ်းသီး ဟာသကို သွားမြင်တယ်ဗျာ ...။
ဟာသထဲမှာက မေတ္တာနဲ့ ကွမ်းသီးက တစ်ယောက်နဲ့ တစ်ယောက် အကြွားပြိုင်နေကြတာ။ မေတ္တာက ကွမ်းသီးကို မေးနေတာ .... ဟိုနေ့ကစီးလာတဲ့ မင်းရဲ့ ကားအသစ်ဘယ်ရောက်သွားလဲ ဆိုတော့ .... ကွမ်းသီးက ငါ့ညီမလေးမွေးနေ့ကို Present ပေးလိုက်တယ်လို့ဖြေတယ် ...။ မေတ္တာက ထပ်မေးပြန်ရော ... မင်းရဲ့ ရွှေရောင်နာရီလေးရောတဲ့... ကွမ်းသီးက ငါ့ တပည့်လေးကို Present ပေးလိုက်တယ်လို့ထပ်ဖြေတယ်ဗျာ.။
အဲ့ဒီဟာသကို ချက်ချင်းပြေးမြင်လိုက်မိပြီး ဝမ်းသာအားရနဲ့ အဖေ့ကိုပြန်ဖြေလိုက်တာ့ပေါ့ ... ဟဲ ..ဟဲ..ဟဲ ..။ Present Tense ဆိုတာ လက်ဆောင်ပေးတာကိုပြောတာ လို့ .... ။
သာစိုးက အင်္ဂလိပ်စာကို အဲ့လိုတော်တာ .....။
Read
More...
Summary
only...
ငယ်ငယ်တုန်းကဆို ကျွန်တော်က အရမ်းထူးချွန်တာဗျ ..... ကျောင်းမှာဆိုရင်လည်း အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယ နေရာတွေကို တစ်လှည့်ဆီ အပိုင်စားယူထားတာ (ကြွားတာမဟုတ်...တကယ်ပြောတာ)။ ကလေးချင်းကစားပြီဆိုရင်လည်း ဘာတန်းပဲ ကစား ကစား သားစိုးတို့က နိုင်ပြီးသား....။
သာရေကွင်းပစ် ... ဖိနပ်ပစ်၊ အရုပ်ပစ် ...နောက်ဆုံးဗျာ ... တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ပြီး လေးဂွချင်း ယှဉ်ပစ်ရင်တောင် (ကောင်းဘွိုင်တွေလိုပေါ့.....) သားစိုးတို့က အမြဲ အိမ်ကို အတိုင်ခံရတယ်... (သားစိုး ဂွနဲ့ ပစ်လိုက်လို့ ဟိုကောင် ထိပ်ပေါက်သွားတော့ ...သူ့မိဘတွေက အိမ်ကို လာတိုင်တာပေါ့)။ ပြီးရင်ပြောသွားလိုက်ကြသေးတယ် .... ဒီကောင်လေးက အရမ်းဆိုးတာတဲ့ ... ကလေးချင်း နှစ်ယောက်ယှဉ်ပြီး လေးဂွချင်းပစ်တာ ... သူတို့သားပစ်လိုက်လို့ သားစိုးကိုထိရင် ငါတို့သားလေးက ထိအောင်ပစ်နိုင်တယ်ဆိုပြီး ချီးမွမ်းကြဦးမယ် ..။ သားစိုးပစ်လိုက်လို့ မှန်သွားတော့ သားစိုး အဆိုးဖြစ်ရော ....။ ကဲ ဘယ်သူလွန်သလဲ... စဉ်းစားကြည့်ဗျာ..။
နောက်ရှိသေးတယ် .... သားရေကွင်းပစ်တို့၊ အရုပ်ထောင်ပစ်တာတို့ဆိုရင် သားစိုးတို့က အမြဲနိုင်နေတော့ ရပ်ကွက်ထဲကကောင်တွေက သားစိုး ဝင်ကစားမယ်ဆိုရင် အပါမခံဘူး...။ အဲ့ဒီတော့ သားစိုးကလည်း ကောင်းကောင်းမွန်ပြောပါတယ် ။ လျှော့ကစားပါ့မယ်လို့...။ ဒါတောင်လက်မခံဘူးဗျာ..။ ဒါနဲ့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားဆိုပြီး သားစိုးက (၃)ကြိမ် (၃)ခါ မေးတယ်......။ အားလုံးကလည်း (၃)ကြိမ် (၃)ခါလုံးကို နိုးပဲတဲ့....။
ဟဲ..ဟဲ ... သားစိုကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ...။ မပါရလည်းနေပေါ့ ... ဘေးကနေထိုင်ကြည့်နေလိုက်တယ် ...။ ပြီးရင် ကစားတဲ့ ကြေးပိုပိုပြီး များလာအောင် ဘေးကနေ မြှောက်ပေးတယ်ဗျာ.....။ ကြေးအများဆုံးဖြစ်ပြီဆိုမှ ထပ်မေးတယ် ...။ မင်းတို့ ငါ့ကို ပေးကစားမှာလား ပေးမကစားဘူးလားလို့...။ အားလုံးကလည်း တစ်သံထဲပဲ ... (နိုး)ပါပဲတဲ့။
အဲ့လို (နိုး)ဆိုတာနဲ့ သားစိုးလည်း အဲ့ဒီအရုပ်ပုံ ...(သို့) သားရေကွင်းပုံကြီးကို တစ်ခါတည်းလုပြီးပြေးတော့တာပဲ .....။ ဟဲ..ဟဲ..ဟဲ...။ အဲ့ဒါ သားစိုးလွန်သလာဗျာ...... ။
Read
More...
Summary
only...