သားစိုးက (၁၀)တန်းကို တစ်နှစ်ထဲနဲ့ ကျောင်းနှစ်ကျောင်းပြောင်းတက်ပြီး သုံးကျောင်းမြောက်က စာစစ်ဌာနမှာ ဖြေပြီး(၁၀)တန်းအောင်လာတာ ...။ ဟဲ ဟဲ ဟဲ ... မျက်စိရှုပ်ကုန်ပြီထင်တယ် ...။
ဒီလိုဗျ ... သားစိုးက (၁၀)ကို နှစ်တဝက်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမြို့ကနေ ... မြန်မာနိုင်ငံအောက်ပိုင်းမြို့ကို ကျောင်းပြောင်းလာရတာ ..။ ကျောင်းပြောင်းတဲ့အချိန်ကလည်း (၁၂)လပိုင်းလောက်မှဆိုတော့ (၁၀)တန်းဖြေခွင့်လက်မှတ်တွေ၊ ခုံနံပါတ်တွေတောင် ကျခါနီးနေပြီလေ ..။ ဒါပေမယ် .. သားစိုးကျောင်းပြောင်းရတော့ စာစစ်ဌာနပါပြန်ပြောင်းရတာပေါ့ ...။ အဲ့လိုစာစစ်ဌာနပြောင်းလိုက်ရတော့ သားစိုးရတဲ့ ခုံနံပါတ်က အဲ့ဒီမြို့ရဲ့ နောက်ဆုံးနီးပါးလောက် ခုံနံပါတ်ကိုရတယ် ...။ (၁၀)တန်းခုံနံပါတ်ပေးတာက အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းဖြေကျောင်းသားတွေပြီးမှ အပြင်ဖြေကျောင်းသားတွေကို ခုံနံပါတ်ပေးတာလေ ။ သားစိုးခုံနံပါတ်က အပြင်ဖြေကျောင်းသားတွေထက်တောင် နောက်ကျနေသေးတယ် ...။ အဲ့ဒီတော့ စာမေးပွဲခန်းထဲမှာ ကျောင်းဖြေကျောင်းသားဆိုလို့ သားစိုးတစ်ယောက်ပဲရှိတယ် ..။ ဖြေရတဲ့ နေရကလည်း အထက်ကျောင်းက စာစစ်ဌာနမှာ မဟုတ်ဘူးဗျ..။ အပြင်ဖြေတွေအတွက် ဖွင့်ပေးထားတဲ့ အလယ်တန်းကျောင်းက စာစစ်ဌာနမှာ...။ ကျန်တဲ့လူတွေက သားစိုးထက်အသက်ကြီးတဲ့ အပြင်ဖြေ နှစ်ကျသမားတွေလေ ..။ အချို့ဆို အသက်တော်တော်လေးကို ကြီးနေပြီ.. တချို့ဆို ကား Workshop အလုပ်ကနေတန်းပြီးလာဖြေကြတော့ Workshop ဝတ်စုံ ဆီတွေပေတူးတာတွေနဲ့ .. အချို့ ကောင်မလေးတွေကျတော့ ကိုယ်ဝန်တွေနဲ့ဗျ ..။ အားလုံးက သားစိုးထက်ကို (၃/၄)နှစ်လောက်ကို အသက်ကြီးတဲ့သူတွေချည်းပဲ..။
သားစိုးရဲ့ ခုံရှေ့မှာ ဖြေတဲ့လူက Workshop ကလူ.. သူကဆို စာမရရင် ညီလေး ပြပါဦး .. ညီလေးပြပါဦးနဲ့ ... သားစိုးကလည်း အခန်းစောင့် ဆရာလစ်ရင် ပြပေးပါတယ် ..။ အဲ့လောက် စိတ်မပုတ်ပါဘူး ..။
သားစိုးရဲ့ အနောက်က ခုံမှာ ဖြေတဲ့သူကကျတော့ မဗိုက်ဗျ ..။ သူကဆို သားစိုးဆီကနေ ခဏ ခဏကို စာမေးတာ ..။ သူကစာမေးရင် အကို အဲ့ဒီအပုဒ်ရလား ..အကို အကို ဆိုပြီး ခေါ်တာဗျ ...။ စဖြေတဲ့ နေ့တော့ ထားပါတော့ဗျာ ..။ မသိလို့ပေါ့ ..။ နောက်နေ့တွေကျတော့ စာမေးပွဲခန်းမဝင်ခင်မှာ ပြောပြထားတယ် .. အစ်မလို့ ကျွန်တော်က အခုမှ နှစ်တက်ကျောင်းသားပါလို့... ကျောင်းပြောင်းတာနောက်ကျလို့ အစ်မတို့နဲ့ အတူတူဖြေနေရတာလို့ .. ကျွန်တော့်ကို အကိုလို့ မခေါ်ပါနဲ့လို့ .. အစ်မတို့ထက် ကျွန်တော်က အသက်ငယ်ပါတယ်လို့ ပြောထားတယ် ..။
ဒါပေမယ့် စာမေးပွဲဖြေတော့ အကိုဆိုပြီး ခေါ်မေးတာပဲ ..။ မေးခွန်းတွေ မခက်တဲ့နေ့တော့ ပြသနာမရှိဘူးပေါ့ ..။ စာရတော့ စိတ်ကြည်နေတော့ သူမရတာတွေဆိုပြပေးပါတယ် ..။ စာမရတဲ့နေ့ကျတော့ စိတ်ကမကြည်ဘူးဗျ ..။ အဲ့ဒီကြားထဲ စာက ခဏခဏ လာလာမေးနေတာ ..။ သားစိုးကလည်း စိတ်တိုတိုနဲ့ .. အစ်မတို့ အရင်နှစ်တွေကတည်းက ဒီစာတွေ မကျက်ခဲ့ရဘူလားလို့ ... မကျက်ရသေးရင်လည်း နောက်နှစ်မှ ထပ်ပြီးကျက်တော့လို့ ..။ ကျွန်တော်တော့ အဲ့ဒီပုဒ်စာကို မရလို့ တခြားဟာဖြေတာဆိုပြီးပြောလိုက်တယ် ...။
ဟဲ . ဟဲ .. နောက်နေ့တွေကျတော့ အဲ့ဒီ အစ်မကြီး လေသံပြောင်းလာတယ်ဗျ ...။ စာမေးရင် မောင်လေး အဲ့ဒီ အပုဒ်ရလား ဖြစ်သွားရောဗျ ...။
အဲ့ဒီလိုဗျ ... သားစိုးထက်ကြီးတဲ့လူက သားစိုးကို အကိုလို့ ခေါ်ရင် အရမ်းစိတ်ဆိုးတာ ... ။
Wednesday, June 25, 2008
အကိုလို့ခေါ်ရင် စိတ်ဆိုးတယ် . . .
Tuesday, June 24, 2008
သားစိုးသိတဲ့ ချစ်ဒုက္ခ
အချစ်ငရဲ (၂)မျိုး
၁။ ချစ်သူနဲ့ အတူမနေရခြင်း
၂။ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း
အချစ်ဒုက္ခ (၂)မျိုး
၁။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်ခြင်း
၂။ ကိုယ်မချစ်တဲ့သူက ကိုယ့်ကိုလာချစ်နေခြင်း
-----------------------------------------------------------
စိတ်ကူးတည့်ရာတွေ ရေးထားတာ ...။ ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ကြုံမှပဲ သိတော့မှာပဲ ... ဟဲ ဟဲ ဟဲ ။
Monday, June 9, 2008
မခွဲနိုင် မခွာရက်သောကြောင့်
ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ...တဲ့ ..။
ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကပဲ ... ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး..။ အင်း .... သားစိုးလဲ အသက်က (၂၈)နှစ်ကျော်လို့ (၂၉)ထဲတောင်ရောက်နေ ပြီဆိုတော့ သတိရတမ်းတရတော့မယ့် အရွယ်ရောက်နေပြီလား မသိပါဘူး...။ တစ်ခါ တစ်ခါ ငယ်ငယ်က အကြောင်းတွေ ပြန်ပြန်သတိရနေတယ်..။
သားစိုးကို သူငယ်တန်းစပြီးထားတုန်းက သားစိုးတို့ အိမ်နီးနားချင်းက ကောင်မလေးတစ်ယောက်ကိုပါ သားစိုးနဲ့ အတူတူ သူငယ်တန်းလိုက်အပ်တယ် ...။ သူ့မှာက ကျောင်းသွားဖို့ အဖော်မရှိ.. သူ့အိမ်ကလည်း ကျောင်းကို လိုက်မပို့ပေးနိုင်ဆိုတော့ သားစိုးကို သားစိုးအဒေါ်က ကျောင်းလိုက်ပို့ရင် အဲ့ဒီကောင်မလေးကိုပါ အဒေါ်က ကျောင်းကိုခေါ်သွားပေးရတာ..။ ကျောင်းကနေပြန်ရင်လည်း သားစိုးနဲ့ အတူတူပဲ ပြန်ခဲ့ဖို့ သူ့အိမ်ကမှာထားတော့ ဘယ်သွားသွား သားစိုးနဲ့ အတူတူ တကောက်ကောက်ပဲ ...။ အတန်းထဲမှာ ထိုင်ရင်တောင်မှ သူ့ကို မိန်းခလေးတန်းဘက်မှာ သွားထိုင်ခိုင်းလို့မရဘူး ..။ သွားထိုင်ခိုင်းတာနဲ့ ငိုတော့တာပဲ ..။ ဒါနဲ့ ဆရာမလည်း သားစိုးဘေးမှာပဲ သူ့ကိုထိုင်ခိုင်းရတယ် ...။ အဲ့ ရှူရှူးပေါက်ရင်တောင်မှ မိန်းခလေးအိမ်သာဘက်မသွားဘူးဗျ ... သားစိုးနဲ့ အတူတူလိုက်တာ... ။ နောက်တော့ သူ့ကို သားစိုးက သူတို့ မိန်းခလေး အိမ်သာဘက်အရင် လိုက်ပို့ ... သားစိုးက အိမ်သာရှေ့ကရပ်စောင်နေရသေးတယ် ...။ သူ့ကိစ္စပြီးမှ သားစိုးက ကိုယ့်ကိစ္စ ကိုယ်ရှင်းရတယ် ...။ (သူ့အိမ်ကစကားကို အဲ့လို အတိအကျကို နားထောင်တာ ...။)
ဆက်ပြောပြဦးမယ် ....။
သားစိုးက ကျောင်းထားစတုန်းကဆို အဒေါ်က စာသင်ခန်းအပြင်ကနေ ကျောင်းဆင်းတဲ့ အထိ ရပ်ပြီးစောင့်ပေးနေရတယ် ။ သားစိုးက စာသာသင်နေတာ ... အခန်းအပြင်ကိုတော့ အမြဲ လှမ်းပြီး Check လုပ်တယ်ဗျ ..။ အဒေါ်ကို မတွေ့တော့ဘူဆိုတာနဲ့ ... သားစိုးလည်း ငိုပြီး လွယ်အိတ်ကောက်လွယ်ပြီး အိမ်ပြန်တာပဲ ...။ အဲ့လိုဆိုရင် အဲ့ဒီကောင်မလေးလဲ ငိုပြီး သားစိုးလွယ်အိတ်ကိုဆွဲ ပြီး နောက်ကနေ လိုက်တော့တာပဲ ...။ အိမ်ရောက်ရင် အဒေါ်က ဆော်ပလော်တီးပြီး ကျောင်းကို ပြန်ပြန်လွှတ်တာ ...။ သားစိုးရဲ့ အတန်းပိုင်ဆရာမဆိုရင် သားစိုးကို အိမ်အထိ လိုက်လိုက်ပြီးခေါ်ရတာ ခဏခဏပဲ ..။
သားစိုး နေမကောင်းဖြစ်လို့ ကျောင်းမတက်ဘူးဆိုရင် အဲ့ဒီကောင်မလေးလဲ ကျောင်းသွားခိုင်းလို့မရဘူးဗျာ..။ သူနေမကောင်းရင်တော့ သားစိုးကတော့ ကျောင်းသွားတာပါပဲ ...။ အဲ့ဒီလိုမျိုး သားစိုးက ငိုပြီး အိမ်ပြန်ရင် သူပါလိုက်ပြန် ... သားစိုးကျောင်းမတက်ရင် သူပါမတက်ဆိုတော့ ... ကြာလာတော့ စာတွေမလိုက်နိုင်ဖြစ်တာပေါ့ ...။ သားစိုးက ဉာဏ်ကောင်းပြီးသားဆိုတော့ အရင်နေ့က သင်ပြီးသားစာတွေဆိုလည်း ... ဆရာမက မုန့်စားဆင်းချိန် ပြန်သင်ပေးရင် ခဏလေးနဲ့ ရတာပဲ ..။ သူကကျတော့ မရဘူးလေ...။
စာမေးပွဲတွေလည်းဖြေရော ... သားစိုးကအောင်ပြီး သူကတော့ ကျပါလေရောဗျာ ...။
အင်း ... အဲ့လိုလေးတွေ .. ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်ရင် လူတောင် အလိုလို ပြန်ပြီး နုပျိုသွားသလို ခံစားရတယ်ဗျာ ...။
ဒါကြောင့် . . . ပျိုရွယ်သူတို့က မျှော်လင့်ချက်နှင့်အသက်ရှင်၍ ကြီးရင့်သူတို့က သတိရတမ်းတခြင်းနှင့် အသက်ရှင်တတ်၏ ....။
Wednesday, June 4, 2008
သားစိုး ရွှေအိုးထမ်းကိန်း
သားစိုးက ငယ်ငယ်တုန်းက ဘာသာတရားအရမ်းလိုက်စားတာဗျ ...။ ဘုရားစာအုပ်တွေ တရားစာအုပ်တွေဆိုရင်လည်း လက်လှမ်းမှီသလောက်အကုန်ဖတ်ဖူးတယ် ...။ အဲ့ဒီတော့ ဘုရားတရားနဲ့ ပတ်သတ်ရင် တော်တော်များများ ဖောလို့ တတ်တာပေါ့ဗျာ .. ဟဲ .. ဟဲ ..ဟဲ ..။
သားစိုး(၁၀)တန်းအောင်တဲ့နှစ် အသက်(၁ရ)နှစ်လည်းပြည့်တဲ့မွေးနေ့မှာ သားစိုးတို့ရွာ ရွာဦးကျောင်းက ဘုန်းဘုန်းဆီမှာ မွေးနေ့ဆွမ်းသွာကပ်လှူကြတယ် ...။ အဲ့ဒီတုန်းက အဖေရယ် အမေရယ် သားစိုးရယ်ပေါ့ အတူတူသွားကြတာ..။ သားစိုးဆွမ်းသွားကပ်တော့ ဘုန်းဘုန်းကမေးတယ် ... ဘာအတွက်ကပ်တဲ့ ဆွမ်းလဲတဲ့ ..။ မှန်လှပါဘုရား ... တပည့်တော် မောင်သားစိုး အသက်(၁၇)နှစ်ပြည့်လို့ ကပ်တဲ့ဆွမ်းပါဘုရားပေါ့ ..။ အေး အေး ..သာဓု..သာဓု ..သာဓု ကွယ်လို့ ဘုန်းဘုန်းကပြောပြီး ... ထုံစံအတိုင်း ဆွမ်းတရားဟောတာပေါ့ဗျာ ..။
အဲ့ဒါလည်းဟောပြီးရော ... မေင်သားစိုးတဲ့ မင်းဒီအသက်အရွယ်ရောက်လာတာ မိဘတွေရဲ့ကျေးဇူးကြောင့်ကွဲ့ ... ဒါကြောင့်မိဘကျေးဇူးကိုလည်း မမေ့ရဘူးတဲ့ ... မိဘလုပ်ကျွေးတဲ့ သားများ ဘယ်တော့မှ ဆင်းရဲဒုက္ခမရောက်ဘူးကွဲ့ ဆိုပြီး သုဝဏ္ဏသာမဇာတ်တော်ကို ထပ်ဟောရောဗျ ... ။
အဲ့လိုဟောတော့ဗျာ ... အများသိကြတဲ့ အတိုင်းပဲ ဒုကုလ နဲ့ ပါရိကာ တို့ (၂)ယောက်က ဗြမ္မာ့ပြည်ကနေ နတ်သက်ကြွေပြီး လူဖြစ်လာတဲ့ သူတွေဆိုတော့ အိမ်ထောင်မှုပြုရမှာ မလိုလားဘူးလို့ ဟောနေတဲ့ အခန်းဗျ ..။ ဘုန်းဘုန်းက ဘာပြောလဲဆိုတော့..ဒုကုလ က အရင်ဘဝက ဗြမ္မာကြီး .. ပါရိကာက အရင်ဘဝက ဗြမ္မာမကြီးလို့ ပြောရောဗျ ....
အဲ့ဒီမှာတင် သားစိုးက ဘုန်းဘုန်းဘုရား ခဏလောက်နေပါဦးဘုရားပေါ့ ... တပည့်တော်စာအုပ်တွေထဲမှာ ဖတ်ဖူးတာကတော့ ဗြမ္မာမှာ အဖို အမဆိုတာ မရှိဘူးလို့ပဲ ဖတ်ဖူးတာပါဘုရား... ဘုန်းဘုန်းဟောတာမှားနေပြီး ဘုရားလို့ဆိုပြီး .. သားစိုးက ဘုန်းဘုန်းကို စေတနာလေးနဲ့ ထောက်ပေးလိုက်တာပါ ..။
အဲ့ဒီမှာတင် ဘုန်းဘုန်းက ဘေးနာမှာရှိတဲ့ ကြိမ်လုံးကို ဆွဲပြီး မင်းက ဘုန်းကြီးလား .. ငါကဘုန်းကြီးလား ဆိုပြီး သားစိုးကို လိုက်ရိုက်တော့တာပဲဗျို့ .... သားစိုးမှာ .. သားရွှေအိုးထမ်းတဲ့ အခန်းလေးတောင် မရောက်လိုက်ဘူး ... အိမ်ကို ဖနှောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင်းပြေးလိုက်ရတာပဲ ...။
အိမ်ကို အဖေနဲ့ အမေပြန်ရောက်တော့ အပိုဆောင်းအနေနဲ့ ကြိမ်လုံး မွေနေ့လက်ဆောင်လေးတောင်ရလိုက်သေးဗျာ .... ။ ဟီ ဟီး ... ။
Saturday, May 31, 2008
ဂတုံးသားစိုး
လူကြီးမိဘတွေက တစ်ခါတလေမှာ နားလည်ရတော်တော်ခက်တယ်ဗျ။ သားစိုးငယ်ငယ်တုန်းက (သူငယ်တန်းကနေ (၅)တန်းအထိ) အဒေါ်လင်မယားနဲ့ အတူနေခဲ့ရတာ...။ သားစိုးကိုလည်း အတော်လေးကိုချစ်ကြရှာပါတယ်..။ ချစ်လွန်းလို့ မျက်စိအောက်ကကို အပျောက်မခံဘူး...။ အဲ့လိုချစ်လွန်းတော့လည်း အချစ်ခံရတာကြီးကို တော်တော်လေးစိတ်ကုန်မိတယ်..။ တခါတလေကျရင် အဒေါ်သာ ငါ့ကို တော်တော်လေး မုန်းပြီး ကြည့်မရ ဖြစ်နေရင် ကောင်းမှာပဲလို့တောင် တွေးမိတာ။
ကဲ .. သားစိုး ဂတုံးဖြစ်ရတာလေးကို ပြောပြဦးမယ်..။
သားစိုးက ငယ်ငယ်တုန်းကဆိုရင် ဆံပင်ညှပ်ရင် ဘဲမြှီးပဲညှပ်တယ်.. ( ခေါင်းဖြီးရတာ အလုပ်ရှုပ်လို့)။ အဒေါ်က .. သားစိုးရေ ဆံပင်သွား ညှပ်ခဲ့ဆိုရင် လာမေးမနေနဲ့ ဘဲမြှီးပဲ ညှပ်ခဲ့တာ..။ တစ်ခါ နှစ်ခါတုန်းကတော့ အဒေါ်ကသဘောကျတာပေါ့ဗျာ။ ဘဲမြှီးကေဆိုတော့ ဆံပင်ညှပ်ခလည်း သက်သာတယ် .. ခဏခဏလည်း ဆံပင်မညှပ်ရဘူးပေါ့ (အဲ့ဒီတုန်းက ဘိုကေ-၁ကျပ်၊ ဘဲမြှီး-၅မူး၊ ဂတုံး-၁မတ် ခေတ်ဗျ..) ။ နောက်ပိုင်းကျတော့ သားစိုးရဲ့ ဘဲမြှီးကို အမြင်ကပ်လာရော။ နင့်မျက်နှာနဲ့ ဘဲမြှီးနဲ့ ကြည့်ရတာတော်တော်ဆိုးတယ်တဲ့...။ နောက်တစ်ခါ ဆံပင်ညှပ်ရင် ဘိုကေညှပ်ခဲ့တဲ့ ...။ သားစိုးကလည်း ဘိုကေကို ညှပ်ချင်ဘူးလို့ ..။ ဗိုလ်ချုပ်အောင်ဆန်းကေနဲ့တူတဲ့ ဘဲမြှီးပဲညှပ်ချင်တယ်လို့ ။ အဲ့လိုပြောတော့ အဒေါ်က ... အေး ..နင့်ဟာနင် ဘာကေပဲညှပ်ညှပ် ဘဲမြှီးမဟုတ်ရင်ပြီးတာပဲ ... ဘဲမြှီးညှပ်လာလိုကတော့ အသေပဲ လို့ဆိုပြီး ပြောရောဗျ..။ ဟဲ..ဟဲ..ဟဲ.. သားစိုးပဲလေ ..။ ကိုယ်လုပ်ချင်တာ မလုပ်ရလို့ကတော့ လုပ်လို့ရတာကို လုပ်ပစ်လိုက်တာပေါ့ ..။ ဘာကေမှကို မညှပ်ခဲ့ဘူး ..။ ဂတုံးပဲ တုံးခဲ့လိုက်တယ်။ ပိုတဲ့ ပိုက်ဆံ ၃မတ်ကိုလည်း ပြန်မပေးဘူးဗျာ..။ မုန့်ပါ ဝယ်စားပစ်လိုက်တာပေါ့..။
အဲ့ဒီကတည်းက စပြီး အဒေါ်က သားစိုးရဲ့ ဆံပင်ညှပ်ရေးတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ဘူးဗျာ ...။ ဂတုံး(၁)လုံးရဲ့ အကျိုးအမြတ်တွေပေါ့ ... ဟဲ ..ဟဲ ..ဟဲ ။
Wednesday, May 28, 2008
စာမေးပွဲရှိနေလို့ဗျို့
Supervisor ရဲ့ စာမေးပွဲလေးကျန်နေသေးလို့ နည်းနည်းတော့ စာကြိုးစားချင်ယောင်ဆောင်လိုက်ဦးမယ်ဗျို့ ။
စာမေးပွဲပြီးမှပဲ .....
Friday, May 23, 2008
မဆိုလိုက်ရတဲ့ အဆိုတော်သားစိုး
သားစိုးတို့ (၁၀)တန်းနှစ်တုန်းက ကျောင်းမှာ ဘုံကထိန်အလှူငွေအတွက် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်ကလေး လုပ်လိုက်သေးတယ်ဗျ။ သားစိုးတို့ကျောင်းအဝင် ကျောင်းအုပ်ကြီးရုံးခန်းရှေ့မှာ ဘောကြီးထောင်... (ဆိုကြမယ် ပျော်ကြမယ်) လို့ဆိုပြီး ရောင်စုံမြေဖြူ ပန်းစာလုံးတွေနဲ့ ရေးပြီးတောင် ကြော်ငြာလိုက်သေးသဗျာ။
သီချင်းဆိုချင်တယ်ဆိုရင် သီချင်းတစ်ပုဒ်ကို (၅၀)ကျပ်နှုန်း နဲ့ အတွင်းရေးမှူး ဆရာလူပျိုကြီးဆီကို စာရင်းပေးရတာ။ အဆိုတော်ဖြစ်ဖို့ အခွင့်ကောင်းပေပဲပေါ့ဗျာ။ သူငယ်ချင်းတွေကလည်း သားစိုးကို အားပေးကြတယ်ဗျ။ ဆိုသာဆို ... သီချင်းဖိုး(၅၀)ကိုတောင် သူတို့စိုက်ပေးဦးမှာတဲ့။ ပြီးရင် စင်ပေါ်တက်ပြီး ပန်းကုံးတောင် တက်စွပ်ပေးကြဦးမှာဆိုပဲ။
ဒါနဲ့ သားစိုးလဲ ဆိုမယ်ကွာဆိုပြီး စာရင်းပေးလိုက်တာပေါ့။ ဂီတာတီးတတ်တဲ့ သူငယ်ချင်းတွေကလည်း ကျောင်းကို ဂီတာတွေယူလာကြပြီး သားစိုးအတွက် သီချင်းရွေးပေး ..သီချင်းတိုက်ပေးတာတွေ အားတက်သရော လုပ်ပေးကြတာဗျ။ သားစိုးလည်း အတန်းထဲမှာ အပီအပြင်ကို အဆိုတော်ဖြစ်ဖို့အရေး လေ့ကျင့်တာ ... နားထောင်ရတဲ့လူတွေ နားမခံသာအောင်ပါပဲ .. ဟဲ.. ဟဲ ..ဟဲ ။
ဒီလိုနဲ့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်လုပ်ဖို့ (၂)ရက်အလိုမနက်ပေါ့ဗျာ .... သားစိုးက ကျောင်းနောက်ကျနေလို့ အုတ်တံတိုင်းကနေ ကျော်ဝင်ပြီး အတန်းထဲကိုရောက်တော့ သူငယ်ချင်းတွေက သားစိုးကို စိတ်မကောင်းတဲ့လေသံနဲ့ သတင်းတစ်ခု ပြောကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကို နမိတ်မကောင်းဘူးဆိုပြီး မလုပ်တော့ဘူးတဲ့ ....။ ဟေ ... ဘယ်လိုဖြစ်တာလဲဟ ဆိုတော့ ... ။ သိချင်ရင် ကြော်ငြာဘုတ်ကိုပဲ သွားပြန်ကြည့်တော့တဲ့ ....။
ဒါနဲ့ သားစိုးလည်း ကြော်ငြာဘောကြီးကို သွားပြေးကြည့်တော့ ။
အား ပါး ပါး .. သွားပါပြီးဗျာ .. သားစိုးရဲ့ အဆိုတော်ဖြစ်မယ့် မျှော်လင့်ချက်လေး ဘယ်သူမှန်းမသိတဲ့ တေလေဂျပိုးလေး လက်ကမြင်းလို့ ပျက်သွားပါပေါ့...။
ကြော်ငြာဘောမှာ ရေးသွားတာက ( သေကြမယ် ငိုကြမယ် ) တဲ့ ... ကောင်းရောဗျာ ။
